26 C
Yangon

ပခုက္ကူ၊ ရေစ​ကြိုနှင့် မြိုင် အစပ်ကို စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ

Must read

ပခုက္ကူ၊ ရေစ​ကြိုနှင့် မြိုင် အစပ်ကို စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ မေ ၁၉

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေစ​ကြိုမြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ကို အကြမ်း ဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများနှင့် စစ်ရှောင် အရေးကူညီနေသူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ပခုက္ကူမြို့၊ တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်း ၂၃၅ ၊ ၂၅၇ နှင့် ၂၅၈ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရေစကြိုမြို့နယ်အတွင်းရှိ PDF စခန်း ၁ ခုကို ဝင်ရောက် စီးနင်းပြီး တန်ပြန် တိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု များ ပြားခဲ့ကြောင်း၊ စစ်တပ်၏ ထိုးစစ်ကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထိခိုက်သေဆုံးသူများပြားသော ကြောင့် PDF စခန်းအနီးရှိ ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းကာ ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ယင်း စစ်ကြောင်းသည် ထပ်မံ အင်အားဖြည့်တင်းပြီး ပခုက္ကူ၊ ရေစ​ကြိုနှင့် မြိုင် နယ်စပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အဆိုပါ စစ် ကြောင်း သည် လက်ရှိချိန်ထိ တောတောင်များအတွင်း ဆက်လက် စစ် ကြောင်း ထိုးနေကြောင်း သိရှိရသည်။

” ရေစကြိုတောင်ပိုင်းက စစ်ကြောင်းကြောင့် ပြေးနေရတာပါ။ ရွာပေါင်း ၁၀ ရွာလောက် ရှောင်နေကြရတာ ရွာနာမည်တွေတော့ အတိအကျပြောလို့ မရသေးဘူး။ တိမ်းရှောင်နေရတာတော့ တစ်ပတ်လောက်ရှိပြီ လူဦးရေ ထောင်နဲ့ချီ တိမ်းရှောင်နေရတယ်။ လောလောဆယ်တော့ ပြည်သူ ၂ ဦး ပစ်သတ်ခံလိုက်ရသလို စစ်ခွေး စစ်ကြောင်းက မီးရှို့နေတုန်းပဲ။ စစ်ကြောင်းက ရှိနေတုန်းဆိုတော့ ရွာနာမည်ကတော့ ပြောလို့ အဆင်မပြေသေးလို့ပါ။ ရက်ကြာလာတော့ စားစရိတ်အတွက် လိုအပ်နေလို့ပါတယ်။ အခုကတော့ စစ်ခွေး စစ်ကြောင်းက တောနင်းရှာဖွေတာတွေ လုပ်နေတယ်” ဟု စစ်ရှောင် အရေးကူညီနေသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

လက်ရှိအချိန် စစ်ဘေးရှောင်ပြည်သူများသည် အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေပြီး စားသောက်ကုန်များ လုံးဝ ပြတ်လပ်နေခြင်းကြောင့် လှူဒါန်းရှင်များ အနေဖြင့် https://www.facebook.com/100066803228506/posts/775799947990106/ ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း နွေဦးပန်းချီ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article