26 C
Yangon

လွိုင်ကော် အကျဉ်းထောင်ရှိ အကျဉ်းသားများ ၆ လကြာသည်အထိ ထောင်ထမင်းဟင်းသာ စားသောက်နေရ၍ ကိုယ်ခန္ဓာ ချိနဲ့ကာ တုတ်ဆွဲခြင်း ဝေဒနာ ခံစားနေရသူ များပြားလာ

Must read

ရန်ကုန်၊ မေ ၂၀

ကရင်နီပြည်နယ်၊ လွိုင်ကော် အကျဉ်းထောင်ရှိ အကျဉ်းသားများ ၆ လကြာသည်အထိ ထောင်ထမင်းဟင်းသာ စားသောက်နေရ၍ ကိုယ်ခန္ဓာ ချိနဲ့ကာ တုတ်ဆွဲခြင်း ဝေဒနာ ခံစားနေရသူ များပြားလာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ၏ ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လွိုင်ကော် အကျဉ်းထောင်တွင် မတရား ဖမ်းဆီး ထိန်းသိမ်းခြင်း ခံထားရသူ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူများ အပါအဝင် အကျဉ်းသားများသည် ထောင်ဝင်စာ ရရှိခြင်းမရှိဘဲ ၆ လကြာ အကျဉ်းထောင်မှ ကျွေးသည့် ထမင်းနှင့်ဟင်းကိုသာ အဓိက အားပြုနေရသည့်အတွက် ကိုယ်ခန္ဓာများ ချိနဲ့လျက်ရှိကာ အချို့နိုင်ငံရေးအကျဉ်းသား၊ အကျဥ်းသူများမှာ ထောင်အခေါ် တုတ်ဆွဲခြင်း (လေဖြတ်ရောဂါဝေဒနာကဲ့သို့) ဝေဒနာကို ခံစားနေရသူ များလာကြောင်း သိရသည်။

ထို့ပြင် လွိုင်ကော်အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများအပါအဝင် အကျဉ်းသားများကို အကျဉ်းထောင်မှ ပုံမှန်ကျွေးရန် သတ်မှတ်ထားသည့် ထမင်း၊ ပဲဟင်းနှင့် တပတ်စာ အသားဟင်း ၄ တုံးကိုပင် ကောင်းမွန်စွာ မကျွေးမွေးနိုင်တော့ဘဲ ဆန်၊ ငါးပိနှင့် ဆားကြမ်းကိုသာ ကျွေးလျက်ရှိကြောင်း သိရှိရသည်။

“လက်ရှိ လွိုင်ကော်အကျဉ်းထောင်ထဲမှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူတွေအပေါ် အကျဉ်းသားအခွင့်အရေးဖြစ်တဲ့အခြေခံစား‌သောက် နေထိုင်ရေးကိုတောင် ထောင်အာဏာပိုင်တွေက ပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိတာ ၆လကျော်လာပါပြီ။ဒီအခက်အခဲကို ကြာရှည်ရင်ဆိုင်ကြရမယ့် အကျဉ်းသားအကျဉ်းသူတွေဟာ အခုဆိုရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ များစွာရှိနေပါတယ်။အချိန်ကြာလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါ ဖြစ်လာနိုင်တဲ့အတွက် အထူးအာရုံစိုက်ပြီး ဖြေရှင်းမှု‌တွေ လုပ်‌ဆောင်ပေးဖို့ ပြောလိုပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

အကျဉ်းသားများသည် ၆ လကျော်သည်အထိ ဗီတာမင်ဓာတ်ပြည့်ဝသည့် အစားအသောက်များကို ကောင်းစွာစားသောက်ရမှု မရှိခြင်း၊အချုပ်ခန်းပြင်ပတွင် သွားလာချိန် လွန်စွာနည်းပါးပြီး ကိုယ်လက်လှုပ်ရှားအားကစားများလုပ်ခွင့် ကန့်သတ်ခံထားရသည့်အတွက် လက်ရှိအချိန်တွင် ကိုယ်ခန္ဓာများ ချိနဲ့လျက်ရှိပြီး အချို့နိုင်ငံရေးအကျဉ်းသား၊အကျဥ်းသူများမှာ ထောင်အခေါ်တုတ် ဆွဲခြင်း (လေဖြတ်ရောဂါဝေသနာကဲ့သို့) ဝေဒနာကို ခံစားနေရသူ များလာရခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လွိုင်ကော်အကျဉ်းထောင်တွင် မတရားဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသူ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၁၁၀ ကျော် အပါအဝင် အကျဉ်းသားစုစုပေါင်း ၄၀၀ ကျော်သည် ထောင်အတွင်း အကျဉ်းချခံထားရဆဲ ဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် အကျဉ်းထောင်အတွင်း လက်ရှိကျန်းမာရေး ချို့ယွင်းလာသူများသည် အာဟာရပြတ်လတ်၍ အချိန်မရွေး သေဆုံးသွားနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေကြရ၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)အနေဖြင့် လွိုင်ကော်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများအပါအဝင် အခြားရာဇဝတ်အကျဉ်းသား၊အကျဉ်းသူများ လက်ရှိရင်ဆိုင်နေရသည့် ကျန်းမာရေးကိစ္စရပ်များနှင့် အခြေခံစားသောက်ရေးကိစ္စရပ်များကို ပို့ဆောင်ပေးနိုင်ရေးကို အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ပေးနိုင်မှသာ အကျဉ်းသားများ ကောင်းမွန်စွာ အသက်ရှင်နိုင်မည်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံ မှ သိရသည်။

ထို့ပြင် လက်ရှိအချိန်အထိ ထောင်ထမင်းနှင့် ဟင်းကိုစား၍ အသက်ရှင်သန်နိုင်ဖို့ ကြိုးစားသူများရှိရာ လွိုင်ကော်အကျဉ်းထောင်ကို မြန်မာပြည်သူများ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ (UN)နှင့် နိုင်ငံတကာ လူအခွင့်အရေးအဖွဲ့အစည်းများအနေဖြင့် မေ့မထားကြဘဲ အာရုံစိုက်ဆောင်ရွက်ပေးရန် အထူးလိုအပ်လျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆက်လက် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article