25 C
Yangon

ရေစကြိုမြို့ပေါ် အမှတ် ၇ ရပ်ကွက်တွင် အငြိမ်းစား ကျောင်းဆရာကြီးနှင့် ဆရာမကြီး လင်မယား အသတ်ခံရ၊ မြို့ပေါ် အမှတ် ၇ ရပ်ကွက်မှာ ပျူစောထီးနှင့်စစ်သားများ လုံခြုံရေးယူ ကြီးစိုးထားနေရာဖြစ်

Must read

ရေစကြိုမြို့ပေါ် အမှတ် ၇ ရပ်ကွက်တွင် အငြိမ်းစား ကျောင်းဆရာကြီးနှင့် ဆရာမကြီး လင်မယား အသတ်ခံရ၊ မြို့ပေါ် အမှတ် ၇ ရပ်ကွက်မှာ ပျူစောထီးနှင့်စစ်သားများ လုံခြုံရေးယူ ကြီးစိုးထားနေရာဖြစ်

ရန်ကုန်၊ မေ ၂၀

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ် အမှတ် ၇ ရပ်ကွက်တွင် အငြိမ်းစား ကျောင်းဆရာကြီးနှင့် ဆရာမကြီး လင်မယား ၂ ဦး အသတ်ခံရပြီး အသတ်ခံရသည့် ရပ်ကွက်မှာ ပျူစောထီးများနှင့် စစ်သားများ အဓိက လုံခြုံရေး ယူကြီးစိုးထားသော နေရာဖြစ်ကြောင်း မြို့မှ ပြည်သူများ၊ ဒေသသတင်းရင်းမြစ်နှင့် တော်လှန်ရေး သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မေလ ၁၈ ရက်နေ့ ညပိုင်း ရေစကြိုမြို့ပေါ် အမှတ် ၇ ရပ်ကွက်၊ စာတိုက်ရုံးတောင်ဘက်တွင်နေထိုင်သော အငြိမ်းစား ကျောင်းဆရာကြီး ဦးအောင်ခင် အသက် ၇၀ နှစ် နှင့် ဇနီး အငြိမ်းစား ဆရာမကြီး ဒေါ်ကြည်တင့် အသက် ၆၆ နှစ် တို့ ဇနီးမောင်နှံနှစ်ဦးကို လူတစ်စုက နေအိမ်ဝင်ရောက်ပြီး ဓားဖြင့် ရက်ရက်စက်စက် ထိုးခုတ် သတ်ဖြတ်သွားကြောင်း၊ နေအိမ်ကိုလည်း ရှာဖွေမှုများ လုပ်ဆောင်သွားခဲ့ကြောင်း ၊ အဆိုပါ အသတ်ခံရသည့် နေအိမ်သည် အမှတ် ၇ ရပ်ကွက်ပျူစောထီးနှင့် စစ်သားများ လုံခြုံရေးယူ ကင်းလှည့် ကြီးစိုးသောနေရာဖြစ်ကြောင်း သိရှိရသည်။

“မြို့ပေါ် အမှတ် ၇ ရပ်ကွက်နဲ့ ရပ်ကွက်တွေမှာ အဓိက ကြီးစိုးနေတာက ပျူစောထီးတွေနဲ့ စစ်တပ်ပဲ။ ညဘက်ဆိုရင် ဒီကောင်တွေ မူးရူးရမ်းကားတွေ အိမ်တွေ ဖောက်တာ၊ ဧည့်စာရင်းဆိုပြီး ရိုက်နှက်တာ၊ ဆိုင်ကယ်ရပ်မပေးလို့ ဆိုပြီး ပစ်ခတ်သတ်ဖြတ်တာတွေ အမြဲလုပ်နေတာ။ အသတ်ခံရတဲ့ ဆရာကြီးတို့ လင်မယားအိမ်က သူတို့ ကင်းလှည့်နေတဲ့နေရာ ၊ အခြေပြုတဲ့နေရာနဲ့ အနီးဆုံးမှာရှိတာ။ ဘယ် PDF ကမှလည်း ဒီလောက်အေးအေး ဆေးဆေးနေတဲ့ ဆရာကြီးနဲ့ ဆရာမကြီး လင်မယားကို သတ်စရာမရှိပါဘူး။ပျူစောထီးနဲ့ စစ်သားတွေက ညဆိုရင် မူးရူး သေနတ်တွေဖောက်၊ ဆဲဆိုနေကြတာ” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

တော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကလည်း အငြိမ်းစားကျောင်းဆရာကြီးနှင့် ဆရာမကြီးတို့ လင်မယားတို့ကို PDF များကို ထောက်ပို့လုပ်သည်ဟု ပျူစောထီးနှင့် စစ်တပ်ထံသို့ သတင်းပေးလာသဖြင့် ဝင်ရောက် သတ်ဖြတ် သွားခြင်းဖြစ်သည်ဟု ပြောဆိုသည်။

“ဆရာကြီးနဲ့ ဆရာမကြီး တပည့်တွေက PDF တွေ ဖြစ်နေတာ အများကြီးပဲ။ ကျနော်တို့ အခုနောက်ဆုံး သိရတာက သတ်တာက ပျူစောထီးနဲ့ စစ်တပ်ပဲ။ ဆရာကြီးနဲ့ ဆရာမကြီးက သူ့တပည့် PDF တွေကို ငွေလှူတယ်ဆိုပြီး တိုင်လို့ ဝင်သတ်တာလို့ပြောတယ်။ ပထမတစ်ကြိမ် စစ်တပ်က ဆရာကြီးနဲ့ ဆရာမကြီးတို့ အိမ်ကို ဝင်စီးခဲ့သေးတယ်။ ဒုတိယအကြိမ်မှာ အသတ်ခံရတာ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်ကောင်စီလော်ဘီတယ်လီဂရမ်စာမျက်နှာများ၊ စစ်တပ်ထောက်ခံသော People Media နှင့် NP News တို့ကို ရေစကြိုမှ အငြိမ်းစားကျောင်းဆရာကြီးနှင့် ကျောင်းဆရာမကြီးတို့ လင်မယားကို PDF များက သတ်ဖြတ်သည်ဟု အသတ်ခံရသည့်နေ့ကတည်းက ဝါဒဖြန့် သတင်းများကို ဆက်တိုက် ထုတ်လွှင့်ခဲ့ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- InfoCommitteeYesagyo

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article