25 C
Yangon

နောင်ချိုနှင့် မိုးမိတ်မြို့နယ်တို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေ ကြောင်းတိုက်ခိုက်မှုတို့ကြောင့် ပြည်သူ ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂၁

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် မိုးမိတ်မြို့နယ် တို့ တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ပြည်သူ ၇ ဦးသေဆုံးကာ ၂၃ ဦး ဒဏ်ရာရရှိခဲ့ပြီး‌ ပြည်သူ ၃၀၀၀ ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဧပြီလ ၁၅ ရက်နေ့မှ မေလ ၁၆ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူ့ နေအိမ် ၁၀၀ ခန့်လည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

“စစ်ကောင်စီက စစ်ရှုံးတယ်ဆိုရင်တော့ သူတို့အနေနဲ့ ရှုံးနိမ့်တယ်၊ သူတို့ တစ်ခုခုထိခိုက်တယ်ဆိုရင်တော့ သူတို့က ပြည်သူတွေကို ပြန်ပြီးတော့ ပစ်မှတ်ထားတာမျိုးလုပ်နေတယ်။ ကျမတို့အနေနဲ့ မေတ္တာရပ်ခံချင်တာက အတတ်နိုင်ဆုံး နှစ်ဖက်လက်နက်ကိုင်နဲ့ စစ်ကောင်စီကို ပြည်သူတွေအနေနဲ့ ဝေးဝေးနေပြီးတော့မှ အနည်းဆုံးအတတ်နိုင်ဆုံးဝေးဝေးနေပေးတာမျိုးပဲ ဖြစ်ဖြစ် အဲဒါမျိုး ပြောချင်တယ်။ နောက်တစ်ခုကတော့ စစ်ကောင်စီက ဒီလို တရားမဲ့ လက်လွှတ် ကျမတို့ ပြည်သူတွေကို သတ်ဖြတ်နေတာ ၊ ဒီလိုမျိုး လုပ်နေတာတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ရပ်ကြည့်မနေဘဲ စစ်ကောင်စီကို ပိတ်ဆို့ ဒဏ်ခတ်တာ အရေးယူတာမျိုးတွေ ပိုပြီးမှ တိုးပြီးမှ လုပ်ဆောင်စေချင်တယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်ကို ဧပြီလ ၁၄ ရက်နေ့ ညပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်ခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ၏ တိုက်ပွဲများသည် ပြင်ဦးလွင်မြို့နှင့် နောင်ချိုမြို့နယ်စပ်သို့ ပျံ့နှံ့သွားခဲ့ကြောင်း၊ ဧပြီ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်သားများကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ သရက်ကုန်းကျေးရွာအတွင်းရှိ အကြမ်းဖက်စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးများသည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ၍ ရှေးဟောင်းဘုန်းကြီးကျောင်း တစ်ကျောင်း မီးလောင်ပြာကျကာ နေအိမ် ၃ လုံး ထိခိုက် ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

ဧပြီလ ၁၉ ရက်‌နေ့ နံနက်ပိုင်းတွင်လည်း အကြမ်းဖက်စစ်တပ်က နောင်ချိုမြို့နယ် ဇာလီကျေးရွာအတွင်းသို့ တိုက်လေယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ အသက် ၂၃ နှစ်အရွယ် ပြည်သူ အမျိုးသား ၁ ဦး ထိမှန်သေဆုံးကာ ၊ ဆမ္မဆယ်ကျေးရွာမှ အသက် ၆၀ အရွယ်အမျိုးသား ၁ ဦး ဒဏ်ရာရကာ ပြင်ဦးလွင်ဆေးရုံတွင် ကုသမှုခံယူခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် ဧပြီလ ၁၉ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် မိုးမိတ်မြို့နယ်တွင်း တိုက်ပွဲ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ လေယာဉ် ၂ စီးဖြင့် ရေပုံးကျေးရွာသို့ ဗုံးကျဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံး ပျက်စီးကာ နွားတစ်ကောင် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဧပြီလ ၂၀ ရက်‌နေ့ နံနက် ၁၀ နာရီ ဝန်းကျင်တွင်လည်း မိုးမိတ်- သပိတ်ကျင်းကားလမ်းပေါ်တွင် ABSDF/ KNDF ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်တပ်တို့ ထိတွေ တိုက်ပွဲ ခဏတာ ဖြစ်ပွားခဲ့ပြီး ကားလမ်းပိတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုအချိန် လူနာတင်ယာဉ်တစ်စီးသည် အကြမ်း ဖက်စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်၍ သံဃာ တစ်ပါးနှင့် ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၂၀ ရက်နေ့တွင်ပင် သရက်ကုန်း ဘုန်းကြီးကျောင်း၀င်းအတွင်းသို့ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးကျရောက်၍ အသက် ၅၀ ၀န်းကျင် သံဃာတစ်ပါး ပျံလွန်တော်မူခဲ့ပြီး ဧပြီလ ၂၁ ရက်နေ့မနက်ပိုင်းတွင်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် သပြေကုန်းကျေးရွာမှ အသက် ၃၀ ၀န်းကျင် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ထို့အတူ ဧပြီလ ၁၅ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ သရက်ကုန်းကျေးရွာ၊ ဇာလီရွာ၊ ညောင်တုန်းကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို နေ့စဥ် ၇ ကြိမ်မှ ၁၀ ကြိမ်ခန့်လေကြောင်းမှ ဗုံးကြဲတိုက်မှုများပြုလုပ်ခြင်း၊ ပြင်ဦးလွင်မြို့ တွင်းမှ နေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကိုပြုလုပ်ခဲ့ရာ ညောင်ကုန်းကျေးရွာမှ နေအိမ် ၆၀ ခန့်ပျက်စီးခဲ့ရကြောင်း၊ တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နောင်ချိုမြို့နယ် သရက်ကုန်း၊ကံ့ကော်၊ ဇာလီ၊ ပါဟက်၊ ပန်ခံ၊ နားပျန်၊ ညောင်ကုန်း စသည့်ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသပြည်သူ ၃၀၀၀ ကျော်တို့သည် ဘန့်ဘွေး၊ အင်ဝိုင်း ၊ ညောင်ကုန်းကျေးရွာများရှိ ဘုန်းကြီးကျောင်းများနှင့် ကျေးရွာအနီးရှိ တောများထဲတွင် တိမ်းရှောင်နေရကြောင်း သိရှိရသည်။

ယခုမေလ ၉ ရက်နေ့ နံနက် ၇ နာရီ ဝန်းကျင်တွင်လည်း ဘန့်ဘွေးကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ရှောင်နေသည့် ပြည်သူများထဲမှ အသက် ၃၀ အရွယ်အမျိုးသား ၃ ဦးသည် ဇာလီကျေးရွာအတွင်းရှိ ၎င်းတို့၏ ကြံခင်းများကို သွားကြည့်ရန် ပြန်သွားစဉ် ရွာအဝင်တွင် အကြမ်းဖက်စစ်တပ်၏ မြေမြှုပ်မိုင်း နင်းမိ၍ ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း၊ လက်ရှိတွင် ပြင်ဦးလွင် ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြရကြောင်း၊ မေလ ၁၀ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် နောင်ချိုမြို့ အုမ္မသီးကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခဲ့ရာ သုံးဆယ်ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးကိုထိ မှန်ခဲ့ကြောင်း၊ အသက် ၃၀ ဝန်းကျင်အမျိုးသားတစ်ဦးနှင့်အမျိုးသမီး တစ်ဦး သေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

အလားတူ မေလ ၁၅ ရက်နေ့ ည ၁၀နာရီဝန်းကျင်တွင်လည်း ပန်ပွဲကျေးရွာအနီးတပ်စွဲထားသော အကြမ်းဖက်စစ်သားများသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး သုံးကြိမ်ပစ်ခတ်ခဲ့ရာ သုံးဆယ်ကျေးရွာအတွင်း ကျ ရောက် ပေါက်ကွဲ၍ ပြည်သူ ၇ ဦးဒဏ်ရာရကာ နေအိမ် ၁၀လုံးခန့်ပျက်စီးခဲ့ရကြောင်း၊ မေလ ၁၆ ရက်နေ့ ည ၉ နာရီဝန်းကျင်၌လည်း တောင်တလုံးကျေးရွာတွင် တပ်စွဲ ထားသော အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပါဟက်ကျေးရွာ အတွင်း လက်နက်ကြီးများကျရောက်ခဲ့ပြီး အသက် ၃၀ ဝန်းကျင်အမျိုးသမီးနှစ်ဦးနှင့် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article