ရန်ကုန်၊ မေ ၂၁
မွန်ပြည်နယ်တွင် ငါးမဖမ်းရကာလအတွင်း လိုင်စင်ရှိ ကမ်းဝေးငါးဖမ်းလှေများကို ငါးဖမ်းခွင့် ၃ လပိတ်ထားသော်လည်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မွန်ဝန်ကြီးချုပ်၊ မွန် ငါးဦးစီး ဌာန၊ ရေတပ်တို့က ပိုက်ဆံယူ၍ လိုင်စင်မဲ့ ငါးဖမ်းလှေများကို ငါးဖမ်းခွင့် ခွင့်ပြုနေကြောင်း လိုင်စင်ရှိ ငါးဖမ်းလှေပိုင်ရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
မေလမှ ဇူလိုင်လအထိ မြန်မာတစ်နိုင်ငံလုံးတွင် ငါးဖမ်းခွင့် ၃ လပိတ်ထားလေ့ရှိသော်လည်း လက်တွေ့တွင်မူ မွန်ပြည်နယ်မှ လိုင်စင်ရှိ ငါးဖမ်းလှေများကိုသာ သီးသန့် ငါးဖမ်းခွင့် ပိတ်ပင်ကာ လိုင်စင်မဲ့ငါးဖမ်းလှေများအားလုံးထံမှ စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့က ပိုက်ဆံယူ၍ ခွင့်ပြုနေခြင်း ဖြစ်ကြောင်း သိရှိရသည်။
” ကျွန်တော်တို့ လိုင်စင်ရှိတဲ့သူတွေက ငါးဖမ်း မထွက်ရဘူး။ လိုင်စင်မဲ့ လှေမှန်သမျှ အကုန်ထွက်လို့ရတယ်။
မွန်ဝန် ကြီးချုပ်၊ မွန် ငါးဦးစီး ဌာန၊ ရေတပ်ကို ပိုက်ဆံပေးပြီး ထွက်ကြတယ်။ ကျွန်တော်တို့က လိုင်စင် /အခွန် မျိုးစုံဆောင်ထားရတာလေ။ ခုဟာက လိုင်စင်မဲ့တွေက အကုန် ထွက်ရတယ် လိုင်စင်ရှိတွေက မထွက်ရတာ ဘာသဘောလဲ”ဟု လိုင်စင်ရှိ ငါးဖမ်းလှေပိုင်ရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
မွန်ပြည်နယ်တွင် မှတ်ပုံတင်ထားသော ကမ်းဝေးငါးဖမ်းလှေများမှာ အစီးရေ ၄၀၀ ဝန်းကျင်ခန့်ရှိပြီး တရားမဝင် လိုင်စင်မဲ့ငါးဖမ်းလှေ အစီးရင် ၂၅၀ ဝန်းကျင် ရှိကြောင်း ငါးဖမ်းလှေလုပ်ငန်းလုပ်ကိုင်နေသူများက ပြောဆိုသည်။
“ကျွန်တော်ဆို ငါးဖမ်းလှေ ၄စီးစလုံး လိုင်စင်ရှိတယ် ၁စီးမှ မထွက်ရဘူး။ တရားမဝင် လိုင်စင်မဲ့ ငါးဖမ်းလှေတွေက အကုန်ထွက်လို့ရတယ်။ဖြစ်စေချင်တာက ထွက်ရင် အကုန်ထွက်၊ ပိတ်ရင် အကုန်ပိတ်။W သမားတွေက မွန်ဝန်ကြီးချုပ်၊မွန်ငါးဦးစီး၊ ရေတပ်ကို ၁စီး သိန်း ၃၀ ပေးပြီး ထွက်ကြတယ်။လိုင်စင်သမားတွေ နစ်နာတာပေါ့”ဟု လိုင်စင်ရှိ ငါးဖမ်းလှေပိုင်ရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မွန်ပြည်နယ်တွင်းရှိ ကမ်းဝမ်းငါးဖမ်းလှေအများစုသည် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ ကျားဆိပ် ဆိပ်ကမ်းတွင် အများဆုံး ဆိပ်ကမ်းကပ်လေ့ရှိကြောင်း ငါးဖမ်းလှေလုပ်ငန်းရှင်များထံမှ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar