■ အာရကန်ဒေသ လွတ်မြောက်ရေး ထောက်ခံမည်ဖြစ်ပြီး AA နှင့် ရိုဟင်ဂျာများအကြား တွေ့ဆုံဆွေးနွေး ရန်တိုက်တွန်း
ရန်ကုန်၊ မေ ၂၂
ရခိုင်တပ်တော် (AA) က ရိုဟင်ဂျာလူမျိုးစုများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများ မပြုလုပ်ဟု ကြေညာထားသော် လည်း မြေပြင်တွင် AAစစ်သားတချို့က ကျူးလွန်သည်ဟု စွပ်စွဲမှုများရှိနေ၍ ယင်းအမှုများကို စုံစမ်းစစ်ဆေးပေးရန် တော်လှန်ရေးနှင့် အရပ်ဘက်အဖွဲ့ ၁၉၄ ခုက တောင်းဆိုလိုက်သည်။
အာရက္ခ တပ်တော် (AA) က ရိုဟင်ဂျာ လူမျိုးစုများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများ မပြုလုပ်ပါဟု ထုတ်ပြန်ထားသော်လည်း လက်ရှိ မြေပြင်တွင် တပ်တော် လက်အောက်ခံ စစ်သားများက ကျူးလွန်နေသည်ဟု စွပ်စွဲခံထားရသော ကိစ္စရပ်များရှိနေကြောင်း၊ ဧပြီလ နှင့် မေလတွင် ဘူးသီးတောင်မြို့ရှိ သံကျောက်ခဲရွာ၊ ရွက်ညိုတောင်ရွာ နှင့် မြောက်ပိုင်း မောင်တောမြို့ရှိ သရက်အုတ်ရွာ စသည့်နေရာများတွင် ရွာအလိုက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံထားရခြင်းများ၊ ဖမ်းဆီးခေါ်ဆောင် ခံရပြီး လူမသိ၊ သူမသိ သတ်ဖြတ်ခံခဲ့ရသော ရိုဟင်ဂျာများနှင့် မတရား ဖမ်းဆီးခေါ်ဆောင်နေမှုများ ရှိနေသည်ဟု ထုတ်ပြန် ထားသော သတင်းများအရ သိရှိရသည်။
ဘူးသီးတောင်မြို့၏ နေရာအများစုကို အာရက္ခ တပ်တော် (AA) က ထိန်းချုပ်ထားပြီးနောက် မေလ ၁၇ရက် ညအချိန် ၁၀နာရီခန့်တွင် ရိုဟင်ဂျာ အရပ်သား အများစု နေထိုင်သည့် ဘူးသီးတောင်မြို့ပေါ်ရှိ နေအိမ်များအား AA က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ဤဖြစ်စဥ်သည် စစ်ရာဇဝတ်မှုအပြင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု တစ်ခုဖြစ်ကြောင်း၊ အဆိုပါကိစ္စရပ်များကို အာရက္ခ တပ်တော် (AA) အနေဖြင့် လွပ်လပ်သော စုံ စမ်း စစ်ဆေးမှုများ ပြုလုပ်ပေးရန်နှင့် ကျူးလွန်မှုများ အမှန်တကယ် ရှိနေပါက ကျူးလွန်သူများအား အပြစ်ပေး အရေးယူရန် တော်လှန်ရေး အင်အားစုများနှင့် အရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုသည်။
အကြမ်းဖက် စစ်အုပ်စုအနေဖြင့် ရိုဟင်ဂျာလူမျိုးစုအား ဖိနှိပ်ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုံး သတ်ဖြတ်မှုများကို အစဉ်တစိုက် ကျူးလွန်ခဲ့ပြီး လက်ရှိတွင်လည်း မတရား စစ်မှု မထမ်းမနေရ အမိန့်ဖြင့် အတင်းအဓမ္မ ဖိအားပေး၍ စစ်သားများအဖြစ်၊ လူသားဒိုင်းများအဖြစ်၊ စစ်အုပ်စုကိုယ်စား အကြမ်းဖက်မှု ကျူးလွန်သူ များ အဖြစ် အသုံးပြုနေကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြကြသည်။
သိသာထင်ရှားသည့် သက်သေအနေဖြင့် ယခုနှစ် မတ်လအတွင်း ရခိုင်ဒေသ၊ ရသေ့တောင်မြို့နယ်၊ အငူမော်တွင် အာရက္ခတပ်တော် (AA) နှင့် အကြမ်းဖက် စစ်အုပ်စုတို့အကြား တိုက်ပွဲတွင် စစ်အုပ်စုက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည့် ရိုဟင်ဂျာ ၁၀၀ နီးပါး အစုအလိုက် အပြုံလိုက် သေဆုံးခဲ့ရကြောင်း၊ ထို့ပြင် စစ်အုပ်စု အနေဖြင့် လက်ရှိတွင်လည်း ဘူးသီးတောင်နှင့် စစ်တွေရှိ IDP- အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများ၏ စခန်းများ မှ ရိုဟင်ဂျာများကို အတင်းအကြပ် ဖိအားပေးကာ အာရက္ခ တပ်တော် (AA) ကို ဆန္ဒပြခိုင်းခြင်းများကို ပြုလုပ်နေပြီး ရိုဟင်ဂျာများအပေါ် ပြည်သူလူထု အထင်အမြင် လွဲမှားစေရန်နှင့် လူမျိုးရေး ပဋိပက္ခများ ထပ်မံ ဖြစ်ပွားစေရန် လှုံ့ဆော်နေကြောင်း တော်လှန်ရေးနှင့်အရပ်ဘက်အဖွဲ့များက ပြောဆိုသည်။
ယခုနှစ် ဧပြီလတွင် ရခိုင် ဒေသ ဘူးသီးတောင်မြို့ပေါ်ရှိ ရခိုင် လူမျိုးစုများ၏ နေအိမ် ၂၀၀ ကျော်ကို အကြမ်း ဖက် စစ်အုပ်စုက မီးရှို့ဖျက်ဆီးရာတွင် စစ်မှုမထမ်းမနေရ အမိန့်ဖြင့် အတင်းအဓမ္မ ဖိအားပေး၍ စုဆောင်းထားသော ရိုဟင်ဂျာ များကို အသုံးပြုပြီး ရခိုင် နှင့် ရိုဟင်ဂျာ လူမျိုးစုကြား လူမျိုးရေး ပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် စတင် ဖန်တီးခဲ့ကြောင်း၊ ယခုကဲ့သို့ လူမျိုးရေး ပဋိပက္ခဖြစ်အောင် စစ်အုပ်စုက လုပ်ဆောင်နေခြင်း အပြင် ရွေးချယ်ခွင့်မရသော ရိုဟင်ဂျာလူထု၏ အခြေအနေနှင့် နှစ်များစွာ ဖိနှိပ် ပိတ်လှောင်ခံရမှုကြောင့် အကြမ်းဖက်စစ်အုပ်စု ပုံဖော်ချင်သည့်ပုံစံများ အကြား ကြုံတွေ့နေရသည့် အခြားလူမျိုးစုများနှင့် မတူသော အကျပ်အတည်းများကို တော်လှန်ရေး အင်အားစုများနှင့် ပြည်သူလူထု အနေဖြင့် အထူး သတိထားပြီး နားလည်သိရှိထားကြရန် သတိပေးထားသည်။
ယခုအခြေအနေတွင် အဖွဲ့အစည်းများ၊ မီဒီယာများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် ရိုဟင်ဂျာအားလုံးကို စစ်အုပ်စုနှင့် ပူးပေါင်းနေသည့် ပုံစံမျိုး ပုံဖော်မှုများ ရှိနေသည့်အပြင် “ဘင်္ဂါလီ အကြမ်းဖက်များ”၊ “မွတ်စ်လင်မ် အကြမ်းဖက်သမား” စသော အမုန်းစကားပါသည့် ဝေါဟာရများကို တွင်တွင်သုံးနေကြသည်ကိုလည်း တွေ့ရှိနေရကြောင်း၊ အဆိုပါအခြေအနေသည် လူမျိုးတစုလုံးနှင့် ၎င်းတို့ ကိုးကွယ်ယုံကြည်သည့် ဘာသာတရား တခုလုံးကို သိမ်းကျုံးစွပ်စွဲမှုများသည် လူမျိုးရေး ဘာသာရေး ပဋိပက္ခများ၊ လူထုကြား အမုန်းတရား ကြီးမားလာစေရန် တွန်းပို့ခြင်းဖြစ်သည်ဟု ထောက်ပြသည်။
တခြားသော လူမျိုးစုများနည်းတူ ရိုဟင်ဂျာ လူမျိုးစု အတွင်းတွင်လည်း အကြမ်းဖက် မြန်မာ စစ်အုပ်စုနှင့် ကိုယ်ကျိုးစီးပွားအတွက် ပူးပေါင်းသောသူများ ရှိနေသော်လည်း တချိန်တည်းတွင် စစ်အာဏာရှင်ကို ဆန့်ကျင်နေသော ရိုဟင်ဂျာများ မြောက်များစွာ ရှိနေသည့်အချက်ကို အထူးသတိပြုရမည် ဖြစ်ဟု အရပ်ဘက် အဖွဲ့များက ထောက်ပြသည်။
လက်ရှိတွင် အကြမ်းဖက် စစ်အုပ်စုနှင့် ပူးပေါင်းနေသည့် ရိုဟင်ဂျာ လက်နက်ကိုင်အုပ်စုများဖြစ်သော Arakan Rohingya Salvation Army (ARSA), Arakan Rohingya Army (ARA)နှင့် Rohingya Solidarity Organization (RSO) တို့သည် ရိုဟင်ဂျာ လူမျိုးစု ပြည်သူ တဦးချင်းစီကို လုံးဝ ကိုယ်စားမပြုကြောင်း၊ အားလုံး အနေဖြင့်နားလည်သိရှိပြီး အသေအချာ ခွဲခြားမြင်ရန် အထူးလိုအပ်ကြောင်း ထောက်ပြထားသည်။
အကြမ်းဖက် စစ်အုပ်စုနှင့် ပူးပေါင်းပြီး ပြည်သူလူထုကို အဓမ္မ အနိုင်ကျင့်သည့် ရိုဟင်ဂျာ လက်နက်ကိုင် အပါ အဝင် မည့်သည့် လူမျိုးစု လက်နက်ကိုင် အုပ်စုကို မဆို မိမိတို့အနေဖြင့် လုံးဝ ရှုံ့ချ ဆန့်ကျင် ကန့်ကွက်ကြောင်း၊
အကြမ်းဖက် စစ်အုပ်စုနှင့်ပူးပေါင်းနေသည့် ARSA အလားတူ အခြားလူမျိုးစု လက်နက်ကိုင်များရှိနေပြီး ၎င်းတို့အနေဖြင့် သက်ဆိုင်ရာ လူမျိုးစုများကို ကိုယ်စားပြုသယောင် ပြောဆိုနေသည်လည်း အရပ်ဘက်အဖွဲ့များအနေဖြင့်ကောင်းစွာ သိရှိနားလည်ထားကြောင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၇ရက်နေ့ ကတည်းက ရိုဟင်ဂျာလူမျိုးစု အသိုင်းအဝိုင်းနှင့် အဖွဲ့အစည်းများအနေဖြင့် ARSA သည် ရိုဟင်ဂျာလူမျိုးစုကို မည်သို့မျှ ကိုယ်စားမပြုကြောင်း အတိအလင်း သဘောထား ထုတ်ပြန်ချက် ကြေငြာခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
လူမှုသဟဇာတ ဖြစ်ရေး အပါအဝင် ဒေသလူထုအတွက် တာဝန်ယူ၊ တာဝန်ခံသည့် အခြေအနေမျိုးကို အာရက္ခ တပ်တော် (AA) အနေဖြင့် တာဝန်ယူဆောင်ရွက်ပေးရန် တိုက်တွန်းပါကြောင်း၊ ။ ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားသည့်ဥပဒေ (IHL) တို့ကို လိုက်နာပြီး ပြည်သူများ နေထိုင်ရာ နေရာများတွင် တိုက်ပွဲ မဖော်ဆောင်ရန်နှင့် ရိုဟင်ဂျာ ရွာများမှ ရွာသူ၊ ရွာသားများကို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းခြင်းများ မပြုလုပ်ရန်လည်း လိုအပ်ကြောင်း ထောက်ပြထားသည်။
အရပ်သားများကို အကာအကွယ်ပေးရမည့် တာဝန်သည် စစ်ပွဲအတွင်း အထူး လိုက်နာရမည့် (နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေ) ကျင့်ဝတ်၊ တာဝန်ဖြစ်ပြီး အာရက္ခ တပ်တော် (AA) အနေဖြင့် ဒေသတွင်း မှီတင်း နေထိုင်သော ရခိုင်လူမျိုးစု ၊ ရိုဟင်ဂျာလူမျိုးစု အပြင် အခြားသော လူမျိုးစုနှင့် ဘာသာဝင်များကိုလည်း စစ်ပွဲအတွင်း ပစ်မှတ် မထားရန်နှင့် လွတ်လပ်သော နိုင်ငံတကာ သတင်းမီဒီယာများနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ဝင်ခွင့်ပေးရန် အာရက္ခ တပ်တော် (AA) အား အထူးတိုက်တွန်း တောင်းဆိုထားသည်။
အကြမ်းဖက် စစ်အုပ်စုနှင့် အာရက္ခ တပ်တော် (AA) တို့ကြား ပြင်းထန်နေသော တိုက်ပွဲများအတွင်း ရခိုင်ဒေသ ရှိ ပြည်သူများ အားလုံး၏ လုံခြုံရေးကို အထူး စိုးရိမ်မိကြောင်း၊ အကာအကွယ် မဲ့နေသော အဖိနှိပ်ခံ အသုံးချခံ ရိုဟင်ဂျာ လူမျိုးစု အပေါ် နောက်တကြိမ် ဂျီနိုဆိုက်လူမျိုးတုံး သတ်ဖြတ်မှုများ ထပ်မံမဖြစ်လာစေရန် မြန်မာနိုင်ငံရှိ တော်လှန်ရေး နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက် အဖွဲ့အစည်းများအပြင် ပြည်သူလူထု တစ်ဉီးချင်းစီအနေဖြင့်လည်း အရပ်သား ကာကွယ်ရေး၊ လူ့ ဂုဏ်သိက္ခာ ကာကွယ်ရေး အခြေခံအပေါ် ရပ်တည်ဖို့ အထူး အရေးကြီးကြောင်း၊ ဒေသတွင်းတာဝန်ရှိသည့် အာရက္ခ တပ်တော် (AA) သည်လည်း ရခိုင်ဒေသ အတွင်း မှီတင်းနေထိုင်နေကြသော ပြည်သူလူထုများ အားလုံးကို ကာကွယ်ပေးရန် အထူးတာဝန်ရှိကြောင်း ဝေဖန်ထောက်ပြထားသည်။
အာရက္ခ တပ်တော် (AA) ခေါင်းဆောင်များနှင့် ရိုဟင်ဂျာ ခေါင်းဆောင်များလည်း အမြန်ဆုံး တွေ့ဆုံဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်ကြပါရန် တိုက်တွန်းကြောင်း၊ အထက်ပါစိုးရိမ်ချက်များအား အပြုသဘောထောက်ပြခြင်းဖြစ်ပြီး အနာဂတ် အာရကန်၏ လူမျိုးစုံ၊ ဘာသာစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် ရေရှည်တည်ငြိမ်မှုကို အထောက်အကူပြုမည့် လုပ်ငန်းစဉ်များအား အားဖြည့်သွားမည် ဖြစ်ကြောင်း၊ အာရကန်ဒေသ တခုလုံးတွင် မှီတင်းနေထိုင်ကြသည့် လူထုတရပ်လုံး လွတ်မြောက်ရေးကို မျှော်မှန်းသည့် တော်လှန်ရေးကိုလည်း ဆက်လက်ဝန်းရံ ထောက်ခံသွားမည်ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက ထုတ်ပြန်ကြေညာသည်။
ဓာတ်ပုံ – ဘူးသီးတောင်မြို့ပေါ်အမှတ် ၅ ရပ်ကွက်ရှိ နေအိမ်များကို ဧပြီလအတွင်း စစ်တပ်က မီးရှို့ပြီး ပဋိပက္ခဖြစ်စေရန် လှုံ့ဆော်ခဲ့စဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar