25 C
Yangon

မြန်မာနိုင်ငံတွင်းက ဂျပန်စီမံကိန်းများ စစ်ကောင်စီကို ဆက်လက်ထောက်ပံ့ ကူညီနေဆဲဟု လူ့အခွင့်အရေးအဖွဲ့ပြော

Must read

မြန်မာနိုင်ငံတွင်းက ဂျပန်စီမံကိန်းများ စစ်ကောင်စီကို ဆက်လက်ထောက်ပံ့ ကူညီနေဆဲဟု လူ့အခွင့်အရေးအဖွဲ့ပြော

ရန်ကုန်၊ မေလ ၂၅

ဂျပန်အစိုးရ၏ အကူအညီပေးရေး စီမံကိန်းများသည် တရားမဝင် အကြမ်းဖက်စစ်ကောင်စီကို ထောက်ပံ့ကူညီနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch- HRW)ကဆိုလိုက်သည်။ တိုကျိုအနေဖြင့် ငွေပေးချေမှုများ ဆိုင်းငံ့ထားသင့်ပြီး စစ်ကောင်စီအပေါ် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်သင့်ကြောင်း HRW က ပြီးခဲ့တဲ့ မေလ ၂၁ရက်တွင် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ဂျပန်အစိုးရ၏ အကူအညီများ အကြမ်းဖက်စစ်ကောင်စီထံ စီးဆင်းနေမှုကို သင့်လျော်အောင် ကိုင်တွယ်ဖြေရှင်းမည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကတိပြုခဲ့သည်။ သို့သော် ဂျပန်ဆောက်လုပ်ရေး လုပ်ငန်းကြီးဖြစ်သည့် Yokogawa Bridge Corp. က စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ထံ နောက်ထပ်ပေးချေမှုများ ဆက်လက်ပြုလုပ်မည် ဆိုသည့်အကြောင်းကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ယခုသတင်းပတ်အတွင်း The Diet သို့ပြောဆိုခဲ့ကြောင်း HRW က ဖော်ပြထားသည်။

အကြမ်းဖက်စစ်အုပ်စု၏ စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သည့် MEC ပိုင် သံမဏိစက်ရုံတစ်ရုံသည် ဂျပန်ထောက်ပံ့ စီမံကိန်းတစ်ခုဖြစ်သည့် ပဲခူးမြစ်ကူးတံတားစီမံကိန်း အတွက် သံမဏိဘောင်များ ထောက်ပံ့ပေးပို့မှုမှတဆင့် အမြတ်များစွာ ရရှိနေကြောင်း မြန်မာနိုင်ငံတွင်း သတင်းများတွင် ဖော်ပြခဲ့သည်။ Human Rights Watch မှ ခွဲခြမ်းစိတ်ဖြာထားသည့် ငွေကြေးလွှဲပြောင်းမှုတွေအရ ၂၀၂၂ ဇူလိုင်လကနေ ၂၀၂၃ ဇန်နဝါရီအထိ Yokogawa Bridge Corp. သည် အမေရိကန်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂ သန်းခန့်ကို MEC ထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်လွှတ်တော်အစည်းအဝေးအတွင်း နိုင်ငံခြားရေးဝန်ကြီး ယိုကိုကာမီကာဝါက ဒီဇင်ဘာလတွင် MEC နှင့် ပါဝင်ပတ်သက်မှု ပြီးဆုံးပြီဖြစ်ကြောင်းနှင့် Yokogawa Bridge Corp. ၏ လုပ်ငန်းတိုးတက်မှုဆိုင်ရာ ပေးချေမှုတွေလည်း ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ပြောဆိုသည်။

သို့သော် Yokogawa Bridge Corp. အနေဖြင့် စီမံကိန်းအတွက် ငွေပေးမှုတချို့ ကျန်ရှိနေသေးကြောင်း အတိုက်အခံ လွှတ်တော်အမတ် မီချီဟီရိုအစ်စ်ဟီဘရှီ၏ မေးခွန်းအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဗျူရိုမှ Hideki Kusakabe က ဖြေကြားခဲ့ပါတယ်။ သို့သော် ပမာဏ မည်မျှရှိသည် သို့မဟုတ် မည်သည့်အချိန်ဆိုသည်ကိုမူ ပြောဆိုခဲ့ခြင်းမရှိဟု HRW က ဆိုသည်။

ကုလသမဂ္ဂကထောက်ပံ့သည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ ၂၀၁၉ အစီရင်ခံစာအရ စစ်တပ်ပိုင် MEC သည်ကုန်ထုတ်လုပ်မှု၊ သတ္တုတူးဖော်ရေးနှင့် ဆက်သွယ်ရေး အပါအဝင် ကဏ္ဍများစွာရှိ စီးပွားရေးလုပ်ငန်းများမှတဆင့် ဝင်ငွေအများအပြား ရရှိနေသည် ဟုဆိုသည်။

အမေရိကန်၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် သြစတြေးလျတို့က MEC အပါအဝင် အခြားသော မြန်မာစစ်တပ်ပိုင် လုပ်ငန်းစုဖြစ်သော Myanmar Economic Holdings Limited (ဦးပိုင်) ကို စစ်တပ်၏ အကြမ်းဖက်ချိုးဖောက်မှုများအား အထောက်အပံ့ဖြစ်စေသည် ဆိုသည့်မှတ်ချက်ဖြင့် ပိတ်ဆို့အရေးယူထားသည်။

ဝန်ကြီးချုပ် ကီရှီဒါအနေဖြင့် ယင်းပြဿနာကို သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းမည်ဟု ကတိပေးထားသည့်အတွက် တာဝန်ယူရန်လိုအပ်ပြီး၊ MEC ထံ နောက်ထပ် ငွေပေးချေမှုများ မပေးချေဘဲ ဆိုင်းငံ့ထားရန်၊ စစ်ကောင်စီကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီမဟုတ်သည့် အထောက်အပံ့များ မပေးအပ်မိရန်နှင့် စစ်ကောင်စီခေါင်းဆောင်များနှင့် စစ်တပ်ပိုင် လုပ်ငန်းစုများအပေါ် ပစ်မှုထား ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန်HRW က တောင်းဆိုထားသည်။

Ref; hrw.org/japan-aid-project-still-helping-myanmars-military/ Photo-HRW

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article