25 C
Yangon

ရန်ကုန်မြို့လယ်ခေါင်နှင့် မြို့နယ်အများအပြားတွင် စစ်မှုထမ်းဥပဒေ အ ကြောင်း ပြ၍ နယ်မြေခံစစ်အရာရှိနှင့် အုပ်ချုပ်ရေးအဖွဲ့များက လူငယ်များ၏ မိဘများထံမှ ငွေညှစ်မှုများ အကြီးအကျယ်ဖြစ်နေ

Must read

စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ငွေကျပ် ၁၀ သိန်းမှ ငွေကျပ် သိန်း ၅၀၀ အထိ တောင်းခံ ငွေညှစ်မှုများဖြစ်ပွားနေ

ရန်ကုန်၊ မေ ၂၇

ရန်ကုန်မြို့လယ်ခေါင်နှင့် မြို့နယ်အများအပြားတွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ မြို့နယ်စစ်ကောင်စီအရာရှိနှင့် အုပ်ချုပ်ရေးအဖွဲ့များက လူငယ်များ၏ မိဘများထံမှ ငွေညှစ်မှုများ အကြီးအကျယ် ဖြစ်ပွားနေကြောင်း ရန်ကုန်မြို့မှ ပြည်သူများက ပြောဆိုကြသည်။

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူး စောထူးပို(ခေါ်) စောဝင်းလွင်က စစ်မှုထမ်း အပတ်စဉ် ၁ ခေါ်ယူစဉ် ဧပြီလကလည်း စစ်မှုမထမ်းလိုသော လူငယ်များ၏ မိဘများထံမှ တစ်ဦးလျှင် ငွေကျပ် ၃ သိန်းရယူခဲ့ပြီး စစ်မှုမထမ်းစေရေး လုပ်ဆောင်ပေးသည်ဟုဆိုကာ ငွေများ လိုက်လံ တောင်းခံခဲ့ကြောင်း ၊ စစ်မှုထမ်း အပတ်စဉ် ၂ ခေါ်ယူသော ယခု မေလတွင်လည်း ရပ်ကွက်အတွင်းရှိ လူငယ်များ၏ စာရင်းနှင့်ဓာတ်ပုံများ ရယူပြီး တစ်အိမ်တက်ဆင်း စစ်မှုမထမ်းလိုပါ ငွေကျပ် ၃ သိန်းပေးရမည်ဟုဆိုကာ တောင်းခံခဲ့ကြောင်း သိရှိရသည်။

“အရှေ့ကြို့ကုန်းရပ်ကွက်၊ ဝပ်ရှော့ ၂ မှာ နေတဲ့ အုပ်ချုပ်ရေးမှူး စောထူးပို(ခေါ်) စောဝင်းလွင်က စစ်မှုထမ်း အပတ် စဉ် ၁ ပထမအကြိမ်မှာလည်း စစ်မှုထမ်းကိစ္စနဲ့ လူငယ်တစ်ဦး ငွေကျပ် ၃သိန်းကျပ် တောင်းခဲ့တယ်။ စစ်မှုထမ်း အပတ်စဉ် ၂ ဒုတိယအသုတ်မှာလည်း လူငယ်တွေကို စာရင်းနဲ့ဓာတ်ပုံတွေ ရယူပြီးတော့ တပ်ပြေး မလုပ်နဲ့ပြောပြီး ငွေ ၃ သိန်း လိုက်တောင်းပြန်တယ်။ ငွေပေးရင် ၆လ လောက်တော့ စစ်ထဲ လိုက်စရာမလိုဘဲ အေးဆေးနေလို့ရမယ်ဆိုပြီး ငွေလိုက်ညှစ်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူပင် ရန်ကုန်မြို့လယ်ခေါင် ငွေကြေးချမ်းသာသူအများစုရှိနေရာ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ကျောက် တံတား၊ ပန်းဘဲတန်းမြို့နယ်များတွင်လည်း မြို့နယ်စစ်ကောင်စီအဖွဲ့ဝင်အရာရှိ ဗိုလ်မှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပေါင်းကာ စစ်မှုထမ်းဥပဒေ အကြောင်းပြ ငွေကြေးတောင်းခံညှစ်ယူမှုများ အကြီးအကျယ် ဖြစ်ပွားနေကြောင်း သိရှိရသည်။

အထူးသဖြင့် ပြည်ပနိုင်ငံများတွင် ပညာသင်နေကြသည့် လူငယ်များ၏ မိဘများ၊ ငွေကြေးချမ်းသာသူများအဓိက ပစ်မှတ်ထားခံရပြီး စစ်မှုထမ်း အပတ်စဉ် ၂ တွင် မဲပေါက်သည်ဟုဆိုကာ ပြည်ပတွင် ပညာသင်နေသော သား ၁ ဦး စစ်မှုမထမ်းစေရေးအတွက် ငွေကျပ် ၃၂၅ သိန်း ပေးလိုက်ရကြောင်း သိရှိရသည်။

” စစ်မှုထမ်း အပတ်စဥ် ၁ နဲ့ ၂ တုန်းက သက်ဆိုင်ရာ ရပ်ကွက်တွေထဲ အချမ်းသားဆုံးလူတွေရဲ့စာရင်းကို ရပ်ကွက်အုပ်ကြီးတွေက မြို့နယ်ကိုတင်ပြပြီး လုပ်စားသွားကြတာပါ။ စာရင်းပါလို့ ငွေပေးလိုက်ရတဲ့ သူတွေ အများကြီးပဲ။ သူတို့ရဲ့အဓိက ပစ်မှတ်က အမေရိကန်၊ အင်္ဂလန်၊ သြစီတို့လို နိုင်ငံကြီးတွေမှာပညာသွားရောက်သင်ကြားနေတဲ့သားသမီး တွေရှိတဲ့ချမ်းသာသူ တွေကိုအဓိကပစ်မှတ်ထားတာ။ အပတ်စဥ် ၁ အတွက်တုန်းကဆိုရင် စီးပွားရေးသမား ၁ ဦးက သူ့သား ၂ ဦး အင်္ဂလန်မှာကျောင်းတက်နေတာအတွက် ငွေကျပ်သိန်းရာချီပေးလိုက်ရတယ်။ သူ့သား ၂ ဦးလုံး စစ်မှုထမ်းဖို့ မဲပေါက်တယ်ဆိုပြီး ငွေညှစ်သွားတာ။ အပတ်စဥ် ၂ မှာ လုပ်ငန်းရှင် ၁ ဦးရဲ့ သားက စစ်မှုထမ်းဖို့ မဲပေါက်တယ်၊ စစ်မှုမထမ်းချင်ရင် ၃၂၅ သိန်းပေးဆိုပြီး တောင်းသွားတယ်” ဟု ယင်းဖြစ်စဉ်ကို သိရှိသော စီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။

လက်ရှိ စစ်မှုထမ်း အပတ်စဉ် ၃ အတွက် ရန်ကုန်မြို့လယ်ခေါင်မှ စီးပွားရေးသမားများ၏ သားများ စစ်မှုမထမ်းစေရေးအတွက် ငွေညှစ်မှုများဆက်တိုက်ဖြစ်ပွားနေကော ပေါက်စျေးနှုန်းများ မြင့်တက်လာကြောင်း ၊ ငွေကြေး ချမ်းသာသူများ၏ သားများ စစ်မှုမထမ်းလိုပါက ငွေကျပ် သိန်း ၅၀၀ အထိ တောင်းခံလာကြောင်း သိရှိရသည်။

“လူမျိုးခြား၊ဘာသာခြား စီးပွားရေးသမား ချမ်းသာတဲ့သူဆိုရင် သူတို့သားတွေအတွက် ငွေကပိုတောင်ပေးရတယ်။ ငွေပေးရပေမယ့် အသံမထွက်၊သတင်းမကြားရတာက ငွေညစ်ခံရတဲ့သူတွေကချမ်းသာတဲ့ စီးပွားရေးသမားတွေဖြစ်တဲ့အပြင် အများစုက ဘာသာခြားတွေဖြစ်လို့ပါ။ အခုက အာဏာသိမ်းမှုကြာလာလေ စီးပွားရေးထိခိုက်တဲ့အပြင် ကုန်စျေးနူန်းတက်မှုတွေကြောင့် မပြေလည်တော့တဲ့အတွက် ကျပ်တည်းနေတဲ့သူတွေကအများစုဖြစ်လာတယ်။ အရင် ငွေကလည်း မလည်တော့ အခုစစ်မှုထမ်းအပတ်စဥ် ၃ အတွက် နာမည်ပါလို့ ငွေညစ်ခံရသူတွေ အသံထွက်လာတော့မှ အပတ်စဥ် ၁ နဲ့ ၂ တုန်းက ငွေညစ်ခံထားရတဲ့ သူဌေးတွေလည်း အခုမှ ရင်ဖွင့်လာကြတာ” ဟု ရန်ကုန်မြို့လယ်ခေါင်တွင် နေထိုင်သည့် စီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီကမူ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ငွေကြေးတောင်းခံမှုများအတွက် တိုင်ကြားနိုင်သည်ဟုဆိုသော်လည်း ငွေကြေးချမ်းသာသူများမှာ ၎င်းတို့သားများ စစ်မှုမထမ်းရရေးအတွက် လုပ်ဆောင်ခြင်းဖြစ်၍ မတိုင်ရဲကြကြောင်း သိရှိရသည်။

“သူဌေးတွေက သူတို့သားတွေကို စစ်မှုမထမ်းစေချင်တာလေ။ ဘယ်တိုင်ရဲမလဲ။ ကြိတ်ခံရတာပဲ။ မွတ်စလင် သူဌေးတွေလည်း အတော်များများပါတယ်။ အဲဒီလို ငွေညှစ်ခံရတဲ့ အထဲမှာ” ဟု UMFCCI မှ စီးပွားရေးသမားတစ်ဦးက ဆိုသည်။

စစ်ကောင်စီက ဧပြီလမှစတင်၍ စစ်မှုထမ်း အပတ်စဉ်များ လစဉ် ခေါ်ယူနေပြီး အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ ခေါ်ယူလျက်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၁ အတွက် လူငယ်များကို အတင်းအကျပ် စင်္စထဲသို့ ခေါ်ဆောင်စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၁ အတွက် လူငယ်များကို အတင်းအကျပ် စင်္စထဲသို့ ခေါ်ဆောင်စဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article