25 C
Yangon

ရခိုင်အခြေအနေအပေါ် တော်လှန်ရေးနှင့် အဖွဲ့ ၁၉၅ ဖွဲ့၏ သဘောထား ထုတ်ပြန်ချက်တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) က မပါဝင်တော့ဘဲ နုတ်ထွက်

Must read

ရန်ကုန်၊ မေ ၂၇

ရခိုင်အခြေအနေနှင့် ပတ်သက်သော တော်လှန်ရေးအင်အားစုနှင့် အရပ်ဘက်အဖွဲ့ ၁၉၅ ဖွဲ့၏ သဘောထား ထုတ်ပြန်ချက်တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) က မပါဝင်တော့ဘဲ နုတ်ထွက်ကြောင်း GSC က တရားဝင် ကြေညာသည်။

မေလ၊ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော “ရခိုင်ပြည်နယ် မြောက်ပိုင်း အခြေအနေများနှင့် ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်း ၁၉၅ ဖွဲ့၏ သဘောထား ပူးတွဲထုတ်ပြန်ချက်” တွင် ပါဝင်သော အဖွဲ့အစည်းများ၏ အမည်စာရင်းကိုဖော်ပြရာတွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC)လည်း ပါဝင်ခဲ့ကြောင်း၊ အဆိုပါ ပူးတွဲထုတ်ပြန်ချက်တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) ၏ အမည်ပါဝင်ခဲ့မှုသည် အဖွဲ့အတွင်း ဆွေးနွေးညှိုနှိုင်း သဘောထားရယူမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း အားနည်းချက်များကြောင့် ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပြီး စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) တွင်ပါဝင်လျက်ရှိသည့် အစုအဖွဲ့အားလုံး၏ သဘောထားနှင့် အမြင်အား ထင်ဟပ်ခြင်းမရှိကြောင်း GSC က ပြောသည်။

ထို့ကြောင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) အနေဖြင့် ကြေညာချက်တွင် ပါဝင်ခဲ့မှုမှာ အဖွဲ့အစည်းတွင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အားနည်းချက်ကြောင့် ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သဖြင့် ပြည်သူလူထုကို အနူးအညွတ် တောင်းပန်အပ်ကြောင်း၊ ထို့ပြင် အဆိုပါ ပူးတွဲထုတ်ပြန်ချက်မှ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) နုတ်ထွက်​ကြောင်းကို အသိပေး ကြေညာအပ်သည်။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) အနေဖြင့် ရိုဟင်ဂျာ အပါအဝင် အခြားသော အဖိနှိပ်ခံ လူနည်းစုများ၏ လူသားဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးတို့အတွက် အကြွင်းမဲ့ ကာကွယ်ရပ်ခံသည့် ရပ်တည်ချက်ကို မယိမ်းမယိုင် ဆက်လက်ခံယူထားကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ်အတွင်း လက်ရှိ ဆင်နွှဲနေသော စစ်သုံးစစ်တိုက်ဖျက်ရေး တော်လှန်ရေးအရှိန်အဟုန်ကို စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) သည် ဆက်လက်ထောက်ခံ ရပ်တည်လျက်ရှိကြောင်း GSC က ဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်၏ အခြေအနေ အပေါ်တွင် GSC တစုံလုံး၏ ရှင်းလင်းသော သဘောထားအမြင်တရပ် ကျေလည်စွာ ပေါ်ထွက်လာနိုင်ရန် ရိုဟင်ဂျာ၊ ရခိုင် အပါအဝင် အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး၏ ပကတိအခြေအနေများကို ဆက်လက် လေ့လာစောင့်ကြည့်သွားမည် ဖြစ်​ကြောင်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ( GSC) က ကြေညာသည်။

မေလ ၂၂ ရက်နေ့ ကြေညာချက်တွင် ရခိုင်တပ်တော် (AA) က ရိုဟင်ဂျာလူမျိုးစုများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများ မပြုလုပ်ဟု ကြေညာထားသော် လည်း မြေပြင်တွင် AAစစ်သားတချို့က ကျူးလွန်သည်ဟု စွပ်စွဲမှုများရှိနေ၍ ယင်းအမှုများကို စုံစမ်းစစ်ဆေးပေးရန် တော်လှန်ရေးနှင့် အရပ်ဘက်အဖွဲ့ ၁၉၅ ခုက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အာရက္ခ တပ်တော် (AA) က ရိုဟင်ဂျာ လူမျိုးစုများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများ မပြုလုပ်ပါဟု ထုတ်ပြန်ထားသော်လည်း လက်ရှိ မြေပြင်တွင် တပ်တော် လက်အောက်ခံ စစ်သားများက ကျူးလွန်နေသည်ဟု စွပ်စွဲခံထားရသော ကိစ္စရပ်များရှိနေကြောင်း၊ ဧပြီလ နှင့် မေလတွင် ဘူးသီးတောင်မြို့ရှိ သံကျောက်ခဲရွာ၊ ရွက်ညိုတောင်ရွာ နှင့် မြောက်ပိုင်း မောင်တောမြို့ရှိ သရက်အုတ်ရွာ စသည့်နေရာများတွင် ရွာအလိုက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံထားရခြင်းများ၊ ဖမ်းဆီးခေါ်ဆောင် ခံရပြီး လူမသိ၊ သူမသိ သတ်ဖြတ်ခံခဲ့ရသော ရိုဟင်ဂျာများနှင့် မတရား ဖမ်းဆီးခေါ်ဆောင်နေမှုများ ရှိနေသည်ဟု ထုတ်ပြန်ခဲ့သည်။

ဘူးသီးတောင်မြို့၏ နေရာအများစုကို အာရက္ခ တပ်တော် (AA) က ထိန်းချုပ်ထားပြီးနောက် မေလ ၁၇ရက် ညအချိန် ၁၀နာရီခန့်တွင် ရိုဟင်ဂျာ အရပ်သား အများစု နေထိုင်သည့် ဘူးသီးတောင်မြို့ပေါ်ရှိ နေအိမ်များအား AA က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ဤဖြစ်စဥ်သည် စစ်ရာဇဝတ်မှုအပြင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု တစ်ခုဖြစ်ကြောင်း၊ အဆိုပါကိစ္စရပ်များကို အာရက္ခ တပ်တော် (AA) အနေဖြင့် လွပ်လပ်သော စုံ စမ်း စစ်ဆေးမှုများ ပြုလုပ်ပေးရန်နှင့် ကျူးလွန်မှုများ အမှန်တကယ် ရှိနေပါက ကျူးလွန်သူများအား အပြစ်ပေး အရေးယူရန် တော်လှန်ရေး အင်အားစုများနှင့် အရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် အဆိုပါတောင်းဆိုချက်များအတွက် ကြေညာချက်တွင် သက်သေတစ်စုံတစ်ရာ ပြနိုင်ခြင်းမရှိဘဲ ရိုဟင်ဂျာတက်ကြွလှုပ် ရှားသူများကလည်း လူမျိုးတုန်းသတ်ဖြတ်မှုများရှိနေသည်ဟု သတင်းများ တောက် လျှောက်ဆိုသလို ဖော်ပြခဲ့ကြသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် ရခိုင်မြောက်ပိုင်းတွင် လူမျိုးတုန်းသတ်ဖြတ်မှုများရှိနေသည်ဆိုသော သတင်းများ၊ စွပ်စွဲမှုများ၊အခြေအနေများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များ၏ အတည်ပြု ချက် တစ်စုံတစ်ရာ မရှိခဲ့ပေ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article