■ မြန်မာကျပ်ငွေတန်ဖိုး ထိုးကျမှု ထိန်းမနိုင် သိမ်းမရဖြစ်နေ
ရန်ကုန်၊ မေ ၂၇
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၃ သိန်းကျော်သို့ စံချိန်တင် ထပ်မံ မြင့်တက်သွားကြောင်း ရန်ကုန်ရွှေကုန်သည်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ပြည်တွင်းတွင် အမေရိကန်ဒေါ်လာ တန်ဖိုး မြင့်တက်လာမှုက ဆက်တိုက်ဖြစ်နေပြီး မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေကြောင်း၊ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၂၂၀ ကျပ်အထိ မြင့်တက်နေကြောင်း၊ ထို့ကြောင့် ရွှေစျေးနှုန်းမှာလည်း ကမ္ဘာ့ရွှေစျေးနှုန်းမြင့်တက်ခြင်း၊ ဒေါ်လာတန်ဖိုးတက်နေခြင်းတို့ကြောင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၃ သိန်းအထိ စံချိန်တင် ရောက်ရှိသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကမ္ဘာ့စျေးက ရွှေတစ်အောင်စကို ၂၃၆၇ ဒေါ်လာရှိတယ်။ ကမ္ဘာ့ရွှေစျေးလည်း နည်းနည်းပြန်တက်တယ်။ အရွက်(ဒေါ်လာ) စျေးကလည်း ပြည်တွင်းမှာ တက်နေတုန်းပဲ။ အမေရိကန်တစ်ဒေါ်လာကို ၄၂၀၀ အထက်ပဲရှိတယ်။ အဲဒါကြောင့် ရွှေစျေးကတော့ အကျမရှိဘူး။ အတက်ပဲရှိတယ်။ ဒီညနေ စျေးပိတ်တာက မီးလင်းရွှေ တစ်ကျပ်သားကို ၅၃၀၅၀၀၀ နဲ့ စျေးပိတ်ပါတယ်” ဟု ရွှေကုန်သည်က ရှင်းပြသည်။
စစ်ကောင်စီက ဒေါ်လာနှင့် ရွှေစျေး ထိုးတက်နေမှုကို ရပ်တန့်နိုင်ရေးအတွက် စိစစ်အရေးယူမည်ဆိုသော ကြေညာချက်များ ဆက်တိုက်ထုတ်ပြန်နေကြောင်း၊ ထို့ကြောင့် ရွှေကုန်သည်များနှင့် ဒေါ်လာဝယ်ရောင်းများပါ စျေးကွက်ထဲသို့ မလာရဲကြဘဲ ကြိတ်ရောင်း ကြိတ်ဝယ်ပုံစံဖြင့် နေရာပြောင်း အရောင်းအဝယ်လုပ်နေရကြောင်း သိရှိရသည်။
“ကိုယ်နဲ့သိတဲ့ ရွှေကုန်သည်တွေဆို ဖုန်းပါ ပိတ်ထားတယ်။ သူတို့အိမ်ဆက်ကြည့်တော့ တရားစခန်းဝင်တယ်ပြောတယ်။ အရောင်းအဝယ်လုပ်တဲ့ ကုန်သည်တွေလည်း စျေးကွက်ထဲမလာကြဘူး။ အလုပ်ရှိမှ ဆိုင်လို နေရာချိန်းပြီး သိတဲ့သူ၊ ယုံကြည်ရတဲ့သူနဲ့ပဲ အရောင်းအဝယ်လုပ်ကြတယ်။ အဖမ်းအဆီးတွေရှိဖို့ များနေတော့ အကုန်ရှောင်နေရတာ” ဟု ရန်ကုန်ရွှေကုန်သည်က ရှင်းလင်းပြောဆိုသည်။
ရွှေကုန်သည်နှင့်ဒေါ်လာ ဝယ်ရောင်းတချို့က ရွှေစျေးနှုန်းနှင့် ဒေါ်လာစျေးနှုန်းများ လာမည့်ရက်ပိုင်းအတွင်း ကျဆင်းရန် မရှိဘဲ ဆက်လက်မြင့်တက်နိုင်ကြောင်း၊ မြန်မာကျပ်ငွေတန်ဖိုး ဆက်လက် ထိုးကျနေဦးမည်ဖြစ်ကြောင်း၊ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၅ သိန်းကျော်နှင့် အမေရိကန်တစ်ဒေါ်လာ ၄၅၀၀ ကျပ်သို့ လာမည့်ရက်ပိုင်းအတွင်း မကြာမီ ရောက်ရှိလိမ့်မည်ဟု မျှော်လင့်ရကြောင်း သုံးသပ်ပြောဆိုကြသည်။
ဓာတ်ပုံ – တန်ဖိုး ထိုးကျမှု စံချိန်တင်နေသော မြန်မာကျပ်ငွေများ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
