25 C
Yangon

မြောက်ခင်ရန်း ကျေးရွာတွင် PDF လူငယ် ၂ ဦးကို ပျူနှင့်စစ်တပ်က ဖမ်းဆီး မီးရှို့သတ်ဖြတ်မှု ကုလသမဂ္ဂ IIMM က စုံစမ်းစစ်ဆေးနေပြီး ကျူးလွန်သူများ၏ အချက်အလက်များ ပေးရန် မြန်မာစစ်တပ်ထံ တောင်းဆို

Must read

မြောက်ခင်ရန်း ကျေးရွာတွင် PDF လူငယ် ၂ ဦးကို ပျူနှင့်စစ်တပ်က ဖမ်းဆီး မီးရှို့သတ်ဖြတ်မှု ကုလသမဂ္ဂ IIMM က စုံစမ်းစစ်ဆေးနေပြီး ကျူးလွန်သူများ၏ အချက်အလက်များ ပေးရန် မြန်မာစစ်တပ်ထံ တောင်းဆို

ရန်ကုန်၊ မေ ၂၇

မကွေးတိုင်း၊ မြောက်ခင်ရန်းကျေးရွာတွင် PDF လူငယ် ၂ ဦးကို စစ်တပ်နှင့်ပျူစောထီးများက ဖမ်းဆီးမီးရှို့သတ် ဖြတ်ခံရမှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များမျှဝေပေးရန် မြန်မာစစ်တပ်ထံသို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ယနေ့ တောင်းဆိုလိုက်သည်။

၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလ အစောပိုင်း မြောက်ခင်ရန်း ကျေးရွာတွင် စစ်တပ်နှင့်ပျူစောထီးများက PDF လူငယ် ၂ ဦးကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့သည့်ဗီဒီယိုဖိုင် လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့ကြောင်း၊ မီးရှို့ သတ်ဖြတ်ခံရသူ ၂ ဦးမှာ ဖိုးတေနှင့်သားထောင်ဟု မီဒီယာများကအမည်ဖော်ပြထားကြောင်း၊ ထိုလူငယ်နှစ်ဦးမှာ အသက်

၂၀ ကျော်အရွယ်များဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်‌ရေးအဖွဲ့တစ်ခုဖြစ်သည့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်ကြောင်း၊ IIMM အနေဖြင့် အဆိုပါသတ်ဖြတ်မှုကို ကျူးလွန်သူများ၊ ၎င်းတို့နှင့်ဆက်စပ်သည့်အဖွဲ့အစည်း များအပါအဝင် ဤဖြစ်ရပ်နှင့်ပတ်သက်သည့်အချက်အလက်များကို ဘက်မလိုက်ဘဲအမှီအခိုကင်းစွာ စိစစ်သုံးသပ်နေကြောင်း သိရှိရသည်။

IIMM က စုံစမ်းစစ်ဆေးမှု၏တစိတ်တပိုင်းအနေဖြင့် ယန္တရားသည် အဆိုပါဒေသရှိ တပ်များနှင့်တပ်မှူးများအကြောင်းအချက်အလက်များ၊ ထိုလူငယ်နှစ်ဦးကိုဖမ်းဆီးခဲ့ပုံနှင့် ဆက်ဆံပုံအခြေအနေများ၊ ဗီဒီယိုတွင်မြင်တွေ့ရသည့် ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှုကျူးလွန်သူများနှင့်ပတ်သက်သော အချက်အလက်များပေးရန် မြန်မာစစ်တပ်ထံ တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံအတွင်းဝင်ရောက်ခွင့်နှင့် သတင်းအချက်အလက်များမျှဝေရန်တောင်းဆိုထားသည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီနှင့် အထွေထွေညီလာခံတို့၏ဆုံးဖြတ်ချက်များအတိုင်း ယန္တရားနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရန် မြန်မာစစ်တပ်ကို တိုက်တွန်းကြောင်း၊ ယန္တရားသည် စုဆောင်းရရှိသောအထောက်အထားများကို ဓမ္မဓိဋ္ဌာန်ကျကျစုံစမ်းစစ်ဆေးပြီး အကြီးလေးဆုံးနိုင်ငံတကာရာဇ၀တ်မှုများကို ကျူးလွန်သည့်တာဝန်ရှိသူများအပေါ် အမှုတည်ဆောက်ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း၊ အလွန်ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သည့်ရာဇ၀တ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်သူများအပါအဝင် ကျူးလွန်သူများအပြစ်ပေးခံရခြင်းမှကင်းလွတ်နေသည့်သံသရာကို ချိုးဖျက်နိုင်ရေးနှင့် မြန်မာနိုင်ငံသားများအတွက် တရားမျှတမှုရရှိလာစေရေးသည် ရည်မှန်းချက်ပန်းတိုင်ဖြစ်ကြောင်း IIMM က ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက် ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့ကြောင်း၊ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုတွဲများကိုပြင်ဆင်ခြင်းဖြင့်တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ကြောင်း၊ ဆက်သွယ်လိုပါက [email protected] သို့ ဆက်သွယ်နိုင်ကြောင်း IIMM က ထုတ်ပြန်ကြေညာသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article