25 C
Yangon

စစ်ကောင်စီ၏ အဖမ်းအဆီးများကြောင့် ရွှေနှင့်ဒေါ်လာစျေး တပြိုင်နက်တည်း ကျဆင်းပြီး အခေါက်ရွှေစျေး ၅၇ သိန်းဝန်းကျင်နှင့် ဒေါ်လာစျေး ၄၅၅၀ ဝန်းကျင်အထိ စျေးပြန်ကျ

Must read

စစ်ကောင်စီ၏ အဖမ်းအဆီးများကြောင့် ရွှေနှင့်ဒေါ်လာစျေး တပြိုင်နက်တည်း ကျဆင်းပြီး အခေါက်ရွှေစျေး ၅၇ သိန်းဝန်းကျင်နှင့် ဒေါ်လာစျေး ၄၅၅၀ ဝန်းကျင်အထိ စျေးပြန်ကျ

ရန်ကုန်၊ မေ ၃၀

အကြမ်းဖက်စစ်ကောင်စီက ရွှေစျေးနှင့်ဒေါ်လာစျေးမြင့်တက်မှုကို အရေးယူဆောင်ရွက်သည့်အနေဖြင့် အဖမ်းအဆီးများ လုပ်ဆောင်ခဲ့ရာ ယနေ့ မွန်းလွဲပိုင်းတွင် ဒေါ်လာစျေး၊ ရွှေစျေးများ ပြန်လည် ကျဆင်းလာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယနေ့တွင် အခေါက်ရွှေစျေးသည် တစ်ကျပ်သားလျှင် ၅၉ သိန်းအထိလည်းကောင်း၊ ဒေါ်လာစျေးမှာမူ တစ်ဒေါ်လာလျှင် ၅၀၀၀ ကျပ်အထိလည်းကောင်း စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီက ဟွန်ဒီငွေလွှဲလုပ်ကိုင်သူ ၁၂ ဦးကို ဖမ်းဆီးပြီး ဘဏ်စာရင်းနှင့်ငွေစာရင်းအကောင့် ၇၄ ခုကို ပိတ်ပင်သည်ဆိုသော သတင်းထုတ်ပြန်မှု၊ ရန်ကုန်မြို့တွင်းနှင့်မန္တလေးမြို့တွင်းတွင် ရွှေကုန်သည်နှင့်ဒေါ်လာဝယ်ရောင်းများကို စသုံးလုံးနှင့်စရဖက လိုက်လံမေးမြန်းမှုများကြောင့် မည်သူမှ အရောင်းအဝယ်မလုပ်တော့ကြောင်း၊ ယနေ့ မွန်းလွဲ ၁ နာရီ ကျော်အချိန်မှစတင်၍ ရွှေစျေးနှင့် ငွေစျေးများ တအိအိ ပြန်လည်ကျဆင်းလာကြောင်း သိရှိရသည်။

“အခု ရွှေစျေးက ၅၇ သိန်းနဲ့ ၅၈ သိန်းအကြားမှာရှိနေတယ်။ အရွက်(အမေရိကန်ဒေါ်လာ)စျေးက ၄၅၀၀ နဲ့ ၄၆၀၀ အကြားရှိတယ်။ အဝယ်အရောင်းတော့ မရှိဘူး။ အဖမ်းအဆီးတွေရှိတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

အခြားသော နိုင်ငံခြားငွေများလဲလှယ်နှုန်းထားတွင်လည်း မြန်မာကျပ်ငွေ တန်ဖိုးပြန်လည်မြင့်တက်လာရာ မြန်မာကျပ်ငွေ ၁ သိန်းလျှင် ထိုင်းဘတ် ၇၄၀ အထိ အနိမ့်ဆုံးကျဆင်းခဲ့ရာမှ ယခုအခါ မြန်မာကျပ်ငွေ ၁ သိန်းလျှင် ထိုင်းဘတ်ငွေ ၈၅၀ အထိ ကျပ်ငွေတန်ဖိုး ပြန်လည်မြင့်တက်လာနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article