25 C
Yangon

စစ်တွေတွင် စစ်ကောင်စီ၏ သတ်ဖြတ်မှုခံနေရသည့် ဗျိုင်းဖြူရွာသား အရေအတွက် ၁၀ ဦးအထိရှိလာပြီး ဖမ်းဆီးခံရသူ ၅၀ ဦးထက်မနည်းရှိ ၊ ပြည်သူများအားလုံး ကျေးရွာကို စွန့်ခွာ တိမ်းရှောင်နေရ

Must read

ရန်ကုန် | မေ ၃၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီ၏ သတ်ဖြတ်မှုခံနေရသည့် ဗျိုင်းဖြူရွာသား အရေအတွက် ၁၀ ဦးအထိရှိလာပြီး ဖမ်းဆီးခံရသူမှာလည်း ပြည်သူ ၅၀ ဦးထက်မနည်းရှိနေကြောင်း၊ ပြည်သူများအားလုံး ကျေးရွာကို စွန့်ခွာ တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

မေလ ၂၉ ရက်နေ့က ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကြောင့် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာက ဒေသခံပြည်သူများမှာ ရွာလုံးကျွတ် အိုးအိမ်စွန့်ခွာနေရပြီး လက်ရှိတွင် စစ်တွေမြို့ထဲ ဝင်္ကဘာကွင်း၌ တဲထိုးနေထိုင်နေရကြောင်း သိရသည်။

မျက်မြင်များ၏ ပြောဆိုချက်အရ စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာက အပြစ်မဲ့ ရွာသား ၁၀ ဦးထက်မနည်း မတရားသတ်ဖြတ်ခံထားရပြီး ၅၀ ဦးထက်မနည်း မတရားဖမ်းဆီးခံထားရကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်း ကျေးရွာအဝင်အထွက်ကို စစ်ကောင်စီက ဖွင့်ပေးထားချိန်အတွင်း ဗျိုင်းဖြူကျေးရွာသားများမှ စစ်တွေမြို့ထဲသို့ နေရပ်စွန့်ခွာလာခဲ့ရကြောင်း အမည်ဖော်လိုသည့် ဒေသပြည်သူ တစ်ဦးက ပြောသည်။

“စစ်သားတွေက ရွာထဲဝင်လာပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် အကုန်လုံးကို စစ်ဆေးတာ။ ရွာကိုလည်း အဝင်အထွက် ပိတ်လိုက်တယ်။ ဒီနေ့ မနက်ပိုင်းက ဖွင့်ပေးတော့ အကုန်လုံးနီးပါး ထွက်လာကြတယ်။ အခု စစ်တွေမြို့ထဲက ဝင်္ကဘာကွင်းမှာပဲ နေရတယ်။ ဘုန်းကြီးကျောင်းတွေမှာလည်း လက်မခံကြဘူး။ တရားခံပြေးတွေလိုမျိုုး ဖြစ်နေပြီ။ ဘာအပြစ်မှလည်းမရှိဘဲ နေစရာလည်းမရှိ၊ ခိုလှုံစရာလည်းမရှိ ဖြစ်နေကြရတယ်။ အခုဘုရားကြီးမှာတချို့၊ ဝင်္ကဘာကွင်းမှာတချို့နေကြတယ်။ ထမင်းလည်းမစားကြရသေးဘူး။ ” ဟု ဒေသပြည်သူက ပြောသည်။

စစ်တွေမြို့ ဝင်္ကဘာကွင်းသို့ ရောက်ရှိနေသည့် ဗျိုင်းဖြူကျေးရွာသားများမှာ အမျိုးသမီးနှင့် ကလေးငယ် အများဆုံးပါဝင်ပြီး အမျိုးသားများမှာ သက်ကြီးပိုင်းများသာ ဖြစ်ကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

“မိန်းမနဲ့ ကလေးတွေ များတယ်။ ယောက်ကျားတွေကတော့ အကုန်နီးပါး အဖမ်းခံလိုက်ကြရတယ်လို့ ပြောတယ်။ သက်ကြီးပိုင်းတွေလောက်ပဲ တွေ့ရတယ်။ ရွာကို မီးရှို့မယ်ပြောလို့ ထွက်လာကြတာတဲ့။ တာဝန်ရှိသူတွေကတော့ ဘယ်လိုစီစဉ်ပေးကြမလဲ မသိသေးဘူး” ဟုဒေသပြည်သူက ပြောသည်။

ဗျိုင်းဖြူကျေးရွာကို စစ်ကောင်စီတပ်မှ မေလ ၂၉ ရက်နေ့ကစတင်၍ ဝင်ရောက်ကာ ကျေးရွာသားများအား ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်း၊ ရွာပြင်ထုတ်ထားခြင်း စသည့် အကြမ်းဖက်မှုများကို လုပ်ဆောင်နေကြောင်း စစ်တွေ ဒေသခံများက ပြောသည်။

ဗျိုင်းဖြူရွာသားများမှာ ယနေ့ နံနက်က ထွက်ခွင့်ရ၍ ထွက်လာခဲ့သော်လည်း လူငယ်များနှင့် လူလတ်ပိုင်းအမျိုးသားများ အားလုံးနီးပါးမှာ ဖမ်းဆီးခံလိုက်ကြရကာ ကျေးရွာအတွင်း ပိတ်လှောင်ခံထားရသူများလည်း ရှိနေသေးကြောင်း ကျေးရွာသားများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဗျိုင်းဖြူရွာသားများမှာ – မောင်လုံးချေ၊ ဦးကျော်နိုင်၊ မောင်သိန်းထွန်း၊ ဒေါ်စိုးတင်၏ သား ချဘု၊ ကျော်ဆန်းဦး၊ ဦးကျော်သိန်း၊ ပေါက်စ (၁၅ နှစ်)၊ ဦးသန်းထွန်းဝင်း (၄၃ နှစ်)၊ ဦးကုလားအောင် ( ၄၅ နှစ်) တို့ဖြစ်ပြီး ၎င်းတို့ကို စစ်ကောင်စီက သတ်ဖြတ်နေချိန် နှလုံးရောဂါသည် မသန်းသန်းနုမှာ သေနတ်သံကြောင့် နှလုံးရပ်ကာ သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရခိုင်ပြည်နယ်ရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရခိုင်ပြည်နယ်ရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article