25 C
Yangon

ရွှေစျေးနှုန်းများ အမြင့်ဆုံး မြင့်တက်ချိန် ရွှေကုန်သည်နှင့်ရွှေဆိုင်ပိုင်ရှင် ၂၀ ဦးထက်မနည်းကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ခေါ်ယူစစ်ဆေးနေ

Must read

ရွှေစျေးနှုန်းများ အမြင့်ဆုံး မြင့်တက်ချိန် ရွှေကုန်သည်နှင့်ရွှေဆိုင်ပိုင်ရှင် ၂၀ ဦးထက်မနည်းကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ခေါ်ယူစစ်ဆေးနေ

■ ငွေလွှဲဟွန်ဒီသမား ၁၂ ဦးအပြင် ဒေါ်လာဝယ်ရောင်း ကျော်စောသူများကိုလည်း စစ်တပ်နှင့်စသုံးလုံးက ဖမ်းဆီးထား

ရန်ကုန်၊ ဇွန် ၁

မြန်မာ့ရွှေစျေးကွက်တွင် ရွှေစျေးနှုန်းများ အမြင့်ဆုံး မြင့်တက်ချိန် ရွှေကုန်သည်နှင့်ရွှေဆိုင်ပိုင်ရှင် ၂၀ ဦးထက်မနည်းကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး)က ခေါ်ယူစစ်ဆေးနေကြောင်း ရန်ကုန်တိုင်းရွှေကုန်သည်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရွှေစျေးနှုန်းများ အမြင့်ဆုံးစျေးနှုန်းသို့ မြင့်တက်သည့် မေလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီလက် အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး) က ရွှေကုန်သည်နှင့်ရွှေဆိုင်ပိုင်ရှင် ၂၀ ဦးထက်မနည်းကို စသုံးလုံးရုံးဌာနသို့ ခေါ်ယူထားကြောင်း သိရှိရသည်။

“ရွှေသမားတွေကို စသုံးလုံးက ခေါ်ထားတယ်။ ဖမ်းထားတယ်ပြောလို့လည်းရပါတယ်။ ရွှေကုန်သည်နဲ့ ရွှေဆိုင်ပိုင်ရှင်တွေပဲ။ ၂၀ ဦးထက်မနည်းဘူး။ အခုထက်ထိတော့ ပြန်မလွတ်သေးဘူး။ အဲဒီလိုပဲ စျေးတက်ရင် ရွှေကုန်သည်တွေ ရွှေဆိုင်ပိုင်ရှင်တွေကို စသုံးလုံးရုံးမှာ ခေါ်ထားတယ်။ တချို့ဆို စျေးတက်ရင် အခေါ်ခံနေရတော့ အိမ်လိုတောင်ဖြစ်နေပြီ။ ရွှေဈေးတက်တိုင်းခေါ်နေတာဆိုတော့။ ဒီတစ်ခါကတော့ စျေးအရမ်းတက်တော့ ပိုကြောက်ရတယ်။ ဈေးက တအားမြောက်တက်သွားတာဆိုတော့ အရင်လို ခေါ်ထားရုံနဲ့ မပြီးဘဲ စီမံချက်ဆိုပြီး တရားစွဲ ထောင်ချတာတွေ လုပ်မှာ စိုးရိမ်နေကြတာ”ဟု ရွှေကုန်သည်တစ်ဦးက ရှင်းပြသည်။

ထို့ပြင် စစ်ကောင်စီက ပြည်တွင်းတွင် ဟွန်ဒီငွေလွှဲလုပ်သူ လူပုဂ္ဂိုလ် ၁၂ ဦးကို ဖမ်းဆီးပြီး ဘဏ်စာရင်းနှင့် ငွေစာရင်း ၇၄ ကို ပိတ်ပင်ထားကြောင်း သိရှိရသည်။

USDT အပါအဝင် တရားမဝင်ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်းများနှင့် ဟွန်ဒီလုပ်ငန်းဆောင် ရွက်ခဲ့သည့် လူပုဂ္ဂိုလ် ၁၂ ဦး၏ ဘဏ်ငွေစာရင်း ၃၆ ခုနှင့် Pay Account ၃၈ ခုတို့အား ပိတ်သိမ်းလိုက်ကြောင်း၊ ထို့ပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးဆိုင်ရာ ဥပဒေများနှင့်ပါ တရားစွဲသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီက ရွှေသမားများ၊ ဟွန်ဒီငွေလွှဲလုပ်သူများအပြင် ဒေါ်လာဝယ်ရောင်းလုပ်သူ ကျော်စောသူများကို စစ်တပ်နှင့် စသုံးလုံးဌာနက ပူးပေါင်းဖမ်းဆီးပြီး အရေးယူမှုများရှိနေကြောင်း သိရှိရသည်။

“ရွှေစျေး ဒေါ်လာစျေး တအားတက်တော့ စစ်တပ်ထိပ်ပိုင်းက ဖမ်းဆိုပြီး မြင်ရာ တွေ့ရာ နီးစပ်ရာ လိုက်ဖမ်းတာမျိုးလို့ပြောလို့ရတယ်။ တချို့ဆို အရင်က ဒေါ်လာဝယ်ရောင်း လုပ်ခဲ့ဖူးပေမယ့် အခုဘာမှ မလုပ်တော့ဘဲ နေတာကိုတောင် အရင်က ဒေါ်လာဝယ်ရောင်းလုပ်ခဲ့တဲ့ History နဲ့ ပြန်ဖမ်းသွားတာမျိုးတွေရှိတယ်” ဟု ရန်ကုန်မှ နိုင်ငံခြားငွေလဲဒိုင်လက်ကြီးတစ်ဦးက အခြေအနေကို ရှင်းပြသည်။

မေလ ၃၀ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၅၀၁၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၉ သိန်း အထိ စျေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အထူးစုံစမ်းစစ်ရေးဦးစီးဌာန၏ အစည်းအဝေးတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article