25 C
Yangon

ဝက်ထီးကန်မြို့နှင့် ချောက်မြို့နယ်တို့တွင် စစ်တပ်က တပ် သားသစ် စုဆောင်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများ တောက်လျှောက်လုပ်ဆောင်နေပြီး လူငယ်အများ အပြား ဖမ်းဆီးခံရ

Must read

ဝက်ထီးကန်မြို့နှင့် ချောက်မြို့နယ်တို့တွင် စစ်တပ်က တပ် သားသစ် စုဆောင်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများ တောက်လျှောက်လုပ်ဆောင်နေပြီး လူငယ်အများ အပြား ဖမ်းဆီးခံရ

ရန်ကုန်၊ ဇွန် ၂

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့၊ သဲကျဲကြီးရွာကို အကြမ်းဖက် စစ်တပ်က တပ်သားသစ် စုဆောင်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် လူငယ်အမျိုးသားများ ထွက်ပြေးတိမ်းရှောင်နေရပြီး လူငယ် ၁ ဦး ဖမ်းဆီးခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် သဲကျဲကြီးရွာကို အရပ်ဝတ် ဝတ်ဆင်ထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ရောက်ရှိလာပြီး ကျေးရွာနေ ပြည်သူ ကိုနိုင်ဦးကို အမည်စာရင်း ခေါ်၍ စစ်သားသစ်အဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ကျေးရွာအတွင်း အမျိုးသားများကို “အိပ်ရေးဝအောင် အိပ်ထား” ခြိမ်းခြောက်ပြောဆိုခဲ့သောကြောင့် ရွာထဲရှိ အမျိုးသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“မနေ့က ၃ နာရီလောက်မှာရွာကို အရပ်ဝတ် ရဲ ၃ ကောင်လာတယ်။ ရွာထိပ်မှာ ဘောလုံးပုတ်နေတဲ့ နိုင်ဦးဆိုတာ ဘယ်သူလဲလို့ မေးပြီး ကိုနိုင်ဦး ကို ဖမ်းခေါ်သွားပါတယ်။ ကိုနိုင်ဦး ရဲ့ မိဘတွေက ဝက်ထီးကန်မြို့ ရဲစခန်းကို လိုက်တဲ့အခါမှာတော့ စစ်မှုထမ်းဖို့ခေါ်တာ ပြည်ကို သင်တန်းတက်ဖို့ ပို့လိုက်ပြီလို့ ပြောတယ်။ ကိုနိုင်ဦးကို ဖမ်းသွားစဥ်ကလည်း ရဲတွေက ရွာသားတွေကို အိပ်ရေးဝအောင် အိပ်ထားဆိုပြီး ခြိမ်းခြောက် သွားပါတယ်။ အခုဆိုလဲ တစ်ရွာလုံး အမျိုးသားတွေ အိမ်မှာမနေရဲတော့ဘဲ တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ချောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်သားသစ် စုဆောင်းရန် ကျေးရွာနေ အမျိုးသား ပြည်သူများကို ပေါ်တာဆွဲ လိုက်လံဖမ်းဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁ ရက်နေ့တွင် ချောက်မြို့နယ်၊ ဂွေးချိုရွာနှင့် အနီးတစ်ဝိုက်ရွာများကို အကြမ်းဖက် စစ်တပ်၊ ရဲ နှင့် အုပ်ချုပ်ရေးမှူးများက ကျေးရွာနေ အမျိုးသား ပြည်သူများကို စစ်သားသစ် စုဆောင်းရန် ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသော အမျိုးသား ပြည်သူများကို ဂွေးချို (လမ်းဆုံ) ရဲစခန်းဝင်းတွင် ထားရှိပြီး မည်သည့်နေရာကို ခေါ်ဆောင်သွားမည်ကို မသိရှိရသေးကြောင်း၊ ထို့ပြင် မေလ ၃၁ ရက်နေ့ ညပိုင်းကလည်း ချောက်မြို့နယ်၊ တွင်းလပ် (ခေါ်) အုန်းပင်နွင်းကျေးရွာမှ လူငယ် အမျိုးသား ၃ ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အတင်း အဓမ္မ ဝင်ရောက်ဖမ်းဆီးပြီး လက်နောက်ပြန်ကြိုးတုပ်၍ မည်သည့်နေရာကို ခေါ်ဆောင်သွားသည်ကို မသိရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

” ချောက်မြို့နယ် အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရပ်ရွာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဖို့ စာရင်းကို အကြမ်းဖက် စစ်တပ်ထံ ပို့ဆောင်ရာမှာ သူတို့ သဘောဆန္ဒနဲ့ တိတ်တိတ်ပုန်း စာရင်းပို့ထားပြီး အမြင်မကြည်တဲ့ သူတွေကို စာရင်းမှာ ထည့်သွင်း ပေးပို့နေပါတယ်။ လာရောက် ခေါ်ဆောင်တဲ့ စစ်ခွေးတွေက စာရင်းအရ အမည် အတိအကျနဲ့ နေအိမ်ကို တိုက်ရိုက် လာရောက် ခေါ်ဆောင်နေတာ” ဟု ဒေသပြည်သူ တစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီက ဧပြီလမှ စတင်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် လစဉ် လူငယ်များကို စစ်သားအဖြစ် စုဆောင်း၍ စစ်သင်တန်းများ တောက်လျှောက်ဆိုသလို ပို့ချလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ တပ်သားသစ်အဖြစ် စုဆောင်းခံထားရသည့် လူငယ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article