တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာ အခြေစိုက် စစ်တပ် ရှေ့တန်းစခန်းမှ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် ၇၅ သိန်း ဆုချီးမြှင့်
ရန်ကုန်၊ ဇွန် ၂
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာ အခြေစိုက် အကြမ်းဖက် စစ်တပ် ရှေ့တန်းစခန်းမှ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် ၇၅ သိန်း ဆုချီးမြှင့်ခဲ့ကြောင်း People Defense Organization-Tanintharyi Division တပ်ဖွဲ့ထံမှ သိရသည်။
မတ်လ ၂၅ ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာ အခြေစိုက် ရှေ့တန်းစခန်းမှ စစ်ကောင်စီ တပ်သား ၁ ဦးသည် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလင်းဝင်လာသော စစ်ကောင်စီ တပ်သားသည် MA-1 သေနတ် ၁ လက်၊ ၅.၅၆ကျည် ၅၄၀ တောင့်၊ ကျည်ဘောက် ၄ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ အီနာဂါ ၂ လုံး ယူဆောင်လာပြီး အလင်း ဝင်ရောက်လာခြင်းကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုဆုငွေ ၇၅ သိန်းကျပ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ သည် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၂) ၏ တပ်ခွဲ(၁)၊ တနင်္သာရီမြို့နယ် ပကဖ၊ မြိတ်မြို့နယ် ပကဖ၊ ADF Drone လက်ရုံးတပ်ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရှိရသည်။

