25 C
Yangon

စစ်ကောင်စီက ဖမ်းဆီး ၊ ၀ရမ်းထုတ်ထားသော နိုင်ငံခြားငွေဝယ်ရောင်း ပွဲစား ၂၅ ဦးတွင် ငွေလဲလုပ်ငန်း မလုပ်ကိုင်တော့သူများကိုပါ ကျော်စောဖြင့် ရမ်းသမ်း ဖမ်းဆီးထား

Must read

ရန်ကုန်၊ ဇွန် ၄

စစ်ကောင်စီက ဖမ်းဆီး ၊ ၀ရမ်းထုတ်ထားသော နိုင်ငံခြားငွေလဲပွဲစား ၂၅ ဦးတွင် ငွေလဲလုပ်ငန်း မလုပ်ကိုင်တော့သူများကိုပါ ကျော်စောဖြင့် ရမ်းသမ်း ဖမ်းဆီးထားခြင်းဖြစ်ကြောင်း နိုင်ငံခြားငွေလဲလုပ်ကိုင်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းငွေလဲစျေးကွက်တွင် ငွေလဲနှုန်းမတည်မငြိမ်ဖြစ်အောင် လုပ်သည်ဟုဆိုကာ ဟွန်ဒီနှင့် ငွေလွှဲ လုပ်ငန်းလုပ်ကိုင်သူ ၁၄ ဦးကို ကနဦး ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ဖမ်းဆီးသူ ၁၄ ဦး၏ ထွက်ဆိုချက်ဟုဆိုကာ ထပ်မံ၍ ငွေလွှဲနှင့် ငွေလဲဒိုင်လုပ်သူ ၁၁ ဦးကို ထပ်မံ ဖမ်း၀ရမ်းထုတ်ခဲ့ကြောင်း သိရှိရသည်။

“ကျနော်ပြောမယ်။ မြန်မာနိုင်ငံမှာ ဒေါ်လာစျေး ထိုးတက်အောင် အနုတ်အသိမ်းလုပ်နိုင်တာ စစ်တပ်နဲ့ပတ်သက်တဲ့ စီး ပွားရေးသမားတွေပဲ လုပ်နိုင်တယ်။ အခု ဖမ်းထား ဆီးထားတွေက စျေးကွက်ထဲ ငွေလဲလုပ်ပြီး ငွေလဲလှယ်မှုအပေါ်နဲ့ ဟွန်ဒီအပေါ်မှာ ရာခိုင်နှုန်းစားတဲ့သူ ။ လက်သေးတွေဗျာ။အဲဒါတွေကို မသိရင် တိုင်းပြည်ဖျက်သူလိုလို ပုဒ်မတွေတပ်ဖမ်းဆီးတာဖြစ်တယ်။ တကယ် ဒေါ်လာ ဆွဲတင် အောင် လုပ်နိုင်တာ ခရိုနီနဲ့ ပုဂ္ဂလိကဘဏ်တွေပဲဗျ။ နောက်တစ်ခါ အခု ဖမ်းဆီးထားတဲ့ ၁၄ ဦးမှာ ငွေလဲမလုပ်တာအင်မတန်ကိုမှ ကြာနေတဲ့သူတွေကိုပါ ကျော်စောဆိုပြီး ဖမ်းသွားတာ။ မည်းမည်းမြင်ရာ ဖမ်းတဲ့သဘောပါပဲ။ နာမည်တွေ ထုတ်မပြောချင်တာက ဖမ်းခံထားရသူတွေ ထိခိုက်မှာစိုးလို့ပါ” ဟု ရန်ကုန်မှ နိုင်ငံခြားငွေလဲဒိုင်က ဆိုသည်။

အမေရိကန်ဒေါ်လာစျေးကို ဆွဲတင်နိုင်သည့် ပမာဏကြီးကြီးများများ ဝယ်နိုင် ရောင်းနိုင်သူများတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံအတွက် စီးပွားရေးလုပ်ပေးနေသော မောင်မောင်နိုင်ကဲ့သို့သော စီးပွားရေးသမားများ ပါဝင်ကြောင်း ရန်ကုန်နိုင်ငံခြားငွေလဲအသိုင်းအ၀ိုင်း က ပြောဆိုကြသည်။

လက်ရှိတွင် စစ်ကောင်စီက ရွှေလုပ်ငန်းရှင်များကို ဖမ်းဆီး ၀ရမ်းထုတ်ခြင်း၊ ဒေါ်လာဝယ်ရောင်းများကို ဖမ်းဆီး ၀ရမ်းထုတ်ခြင်းဖြင့် အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက်မှုနှင့် ရွှေစျေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article