25 C
Yangon

ဖမ်းဆီးအရေးယူခံထားရသော ဒေါ်လာဝယ်ရောင်းနှင့် ဟွန်ဒီငွေလွှသူများ၏ ဘဏ်အကောင့်နှင့် ငွေစာရင်းများကို စစ်ကောင်စီက ပိတ်သိမ်းလိုက်ပြီး အဆိုပါ ငွေစာရင်းများရှိ ငွေကြေးများအားလုံးကို စစ်တပ်က သိမ်းယူ

Must read

ရန်ကုန်၊ ဇွန် ၅

အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးအရေးယူမှု ခံထားရသော ဒေါ်လာဝယ်ရောင်းနှင့် ဟွန်ဒီငွေလွှသူများ၏ ဘဏ်အကောင့်နှင့် ငွေစာရင်းများကို စစ်ကောင်စီက ပိတ်သိမ်းလိုက်ပြီး အဆိုပါ ငွေစာရင်းများရှိ ငွေကြေးများအားလုံးကို စစ်တပ်က သိမ်းယူလိုက်ကြောင်း မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ယမန်နေ့ညပိုင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဟွန်ဒီငွေလွှနှင့် နိုင်ငံခြားငွေကြေးကို ကစားသူ ၃၉ ဦး၏ ဘဏ်စာရင်းနှင့် Pay အကောင့်များကို ပိတ်ပင်လိုက်ကြောင်း၊ ယင်းသို ပိတ်ပင်သည့်အပြင် တရားစွဲခြင်းပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“ဘဏ်ငွေစာရင်းတွေရော K Pay ၊ Aya Pay ၊ Wave Account အကုန်လုံးကို သူတိုက ပိတ်သိမ်းသွားတာ။ ဖမ်း ဆီးခံရသူရဲ့ အိမ်သူအိမ်သားတွေရဲ့ နာမည်နဲ့ ဖွင့်ထားတဲ့ ဘဏ်စာရင်းတွေပါ ပိတ်ပစ်တာ။ အဲဒါ သွားမေးတော့ ဘဏ်အကောင့်တွေ ပိတ်တဲ့အပြင် ငွေတွေကိုပါ နိုင်ငံတော်ပိုင် သိမ်းလိုက်ပြီပြောတယ်။ အိမ်ကလူတွေရဲ့ အကောင့်တွေကိုပါ ပိတ်ပြီး ငွေတွေသိမ်းသွားတာ။ ဘာမှကို မကျန်တော့တာ ငွေတွေအကုန် ယူသွားတာ” ဟု ဖမ်းဆီးခံရသူ ဟွန်ဒီငွေလွှသမားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

စစ်ကောင်စီက ကနဦးအနေဖြင့် USDT အပါအဝင် တရားမဝင်ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်းများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ် ၁၂ ဦး၏ ဘဏ်ငွေစာရင်း ၃၆ ခုနှင့် Pay Account ၃၈ ခုတိုအား ပိတ်သိမ်းလိုက်ကြောင်း၊ ထိုပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးဆိုင်ရာ ဥပဒေများနှင့်ပါ တရားစွဲသွားရန်ပြင်ဆင်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီက ဖမ်းဆီး ၊ ၀ရမ်းထုတ်ထားသော နိုင်ငံခြားငွေလဲပွဲစား ၂၅ ဦးတွင် ငွေလဲလုပ်ငန်း မလုပ်ကိုင်တော့သူများကိုပါ ကျော်စောဖြင့် ရမ်းသမ်း ဖမ်းဆီးထားသူများလည်းပါဝင်ကြောင်း၊ ပြည်တွင်းငွေလဲစျေးကွက်တွင် ငွေလဲနှုန်းမတည်မငြိမ်ဖြစ်အောင် လုပ်သည်ဟုဆိုကာ ဟွန်ဒီနှင့် ငွေလွှ လုပ်ငန်းလုပ်ကိုင်သူ ၁၄ ဦးကို ကနဦး ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ဖမ်းဆီးသူ ၁၄ ဦး၏ ထွက်ဆိုချက်ဟုဆိုကာ ထပ်မံ၍ ငွေလွှနှင့် ငွေလဲဒိုင်လုပ်သူ ၁၁ ဦးကို ထပ်မံ ဖမ်း၀ရမ်းထုတ်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီက ရွှေလုပ်ငန်းရှင်များကို ဖမ်းဆီး ၀ရမ်းထုတ်ခြင်း၊ ဒေါ်လာဝယ်ရောင်းများကို ဖမ်းဆီး ၀ရမ်းထုတ်ခြင်းဖြင့် အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက်မှုနှင့် ရွှေစျေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article