25 C
Yangon

နေပြည်တော်တွင် စစ်အရာရှိမှ အသွင်ပြောင်းလာသော ရဲမှူး လှကျော်ဦးက ရဲတပ်ကြပ်တစ်ဦး၏ အသက်မပြည့်သေးသော ဆယ်ကျော်သက်အရွယ် သမီးငယ်ကို အကြိမ်ကြိမ် မုဒိမ်းပြုကျင့်မှုဖြစ်ပွား

Must read

နေပြည်တော်တွင် စစ်အရာရှိမှ အသွင်ပြောင်းလာသော ရဲမှူး လှကျော်ဦးက ရဲတပ်ကြပ်တစ်ဦး၏ အသက်မပြည့်သေးသော ဆယ်ကျော်သက်အရွယ် သမီးငယ်ကို အကြိမ်ကြိမ် မုဒိမ်းပြုကျင့်မှုဖြစ်ပွား

■ စစ်ကောင်စီက သတင်းမပေါက်ကြားရန် ဖုံးဖိထားပြီး နစ်နာသော ရဲမိသားစုကို တပ်ပြောင်းရွှေ့မည်

ရန်ကုန်၊ ဇွန် ၆

နေပြည်တော်တွင် စစ်အရာရှိမှ ရဲဘက်သို့ အသွင်ပြောင်းလာသူ ရဲမှူး လှကျော်ဦးက ရဲတပ်ကြပ်တစ်ဦး၏ ဆယ် ကျော်သက်အရွယ် သမီးငယ်ကို အကြိမ်ကြိမ် မုဒိမ်းပြုကျင့်မှုဖြစ်ပွားကြောင်း သိရှိရသည်။

နေပြည်တော်အခြေစိုက် အမှတ် ၂၀ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ (ရတဖ-၂၀) တွင် ဌာနချုပ်တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းနေသော တပ်ပြောင်းအရာရှိ ရဲမှူး လှကျော်ဦးသည် ၎င်း၏ တပည့်ဖြစ်သော ရဲတပ်ကြပ် မောင်မောင်ဦး၏ အသက်မပြည့်သေးသော အသက် ၁၆ နှစ်အရွယ် သမီးငယ်ကို ရဲအရာရှိအိမ်ရာတန်းသို့ ခေါ်ယူ၍ အကြိမ်ကြိမ် မုဒိမ်းပြုကျင့်မှု ပေါ်ပေါက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရဲတပ်ကြပ် မောင်မောင်ဦးသည် မိသားစုစားဝတ်ရေး မပြေလည်သဖြင့် ၎င်း၏ အထက်လူကြီး ဖြစ်သူ ရဲမှူး လှကျော်ဦးထံတွင် မကြာခဏ ငွေကြေး ချေးငှားလေ့ရှိကြောင်း၊ ရဲတပ်ကြပ် မောင်မောင်ဦးက ၎င်း၏ အသက် ၁၆ နှစ်အရွယ် သမီးကို လက်တိုလက်တောင်း ရုံးအကူအဖြစ် ခိုင်းနိုင်ရန် ရဲမှူး လှကျော်ဦးထံတွင် စိတ်ချ လက်ချ အပ်နှံထားခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၅ ရက်နေ့တွင် ရဲမှူး လှကျော်ဦးက အသက်မပြည့်သေးသော သမီးငယ်ကို ရဲအရာရှိအိမ်ရာသို့ ခေါ်ယူ မုဒိမ်းမှုကျူးလွန်ခဲ့ကြောင်း၊ ထိုသို့ မုဒိမ်းပြုကျင့်နေသည်မှာ ၂၀၂၄ ခုနှစ် မတ်လကတည်းက အကြိမ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ ရဲမှူး လှကျော်ဦးက ယင်းသို့ မုဒိမ်းပြုကျင့်မှုကို တိုင်ကြားပါက မိဘများဖြစ်သည့် ရဲတပ်ကြပ် မောင်မောင်ဦးတို့ကို ဒုက္ခပေးမည်ဟု သမီးငယ်ကို ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။

ရဲမှူး လှကျော်ဦးက ၎င်းအလိုရှိသည့်အချိန်တိုင်း မိန်းကလေးငယ်ကို မုဒိမ်းပြု ကျင့်ခဲ့ကြောင်း၊ ဇွန်လ ၅ ရက်နေ့ မုဒိမ်းပြုကျင့်ပြီးနောက် နစ်နာသူ မိန်းကလေးငယ်က မိန်းမကိုယ်တွင် ဒဏ်ရာများ ရရှိသဖြင့် ငိုယိုတိုင်ကြားခဲ့ရာမှ ဖုံးဖိမရဘဲ ဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆေးစစ်ချက်အရ မုဒိမ်းပြုကျင်ခံရသော မိန်းကလေးငယ်၏ မိန်းမကိုယ်ပွန်းပဲဒဏ်ရာများနှင့် လက် ၂ ဖက် ညိုမဲစွဲဒဏ်ရာများ ရရှိထားကြောင်း၊ အဆိုပါဖြစ်စဉ်ကို သတင်းမပေါက်ကြားစေရန်နှင့် အမြန်ဖုံးဖိနိုင်ရန် ညတွင်းချင်း ရဲတရားရုံးပြုလုပ်၍ ရတဖ-၂၀ အချုပ်တွင် မုဒိန်းကျင့်သူ ရဲမှူးလှကျော်ဦးကို ဖမ်းဆီးချုပ်နှောင်အမှုဖွင့် စစ်ဆေးနေကြောင်း သိရှိရသည်။

ပြုကျင့်ခံရသော နစ်နာသူ ကလေးငယ်၏ မိသားစုက ၎င်းတို့၏ အထက်အရာရှိလူကြီးဖြစ်သောကြောင့် ယုံ ကြည် အပ်နှံထားခဲ့မိရာမှ ထိုသို့ ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက နစ်နာသော ရဲတပ်ကြပ် မောင်မောင်ဦး၏ မိသားစုကိုလည်း တပ်ပြောင်းရွှေ့ရန် စီစဉ်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- နေပြည်တော် အမှတ် ၂၀ လုံခြုံရေးတပ်ဖွဲ့ခွဲ(ရတဖ-၂၀)မှ တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article