25 C
Yangon

ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များကို စစ်ကောင်စီက ဆိုင်ဖွင့်၊ မဖွင့်၊ သတ်မှတ်စျေးဖြင့် အရောင်းအဝယ် လုပ်၊ မလုပ် စုံစမ်းထောက်လှမ်းနေ၍ ရွှေဆိုင်များ အပြီးပိတ်သိမ်းရမည့် အခြေအနေ ဆိုက်ရောက်လာ

Must read

ရန်ကုန်၊ ဇွန် ၆

ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များကို စစ်ကောင်စီက ဆိုင်ဖွင့်၊ မဖွင့်၊ သတ်မှတ်စျေးဖြင့် အရောင်းအဝယ် လုပ်၊ မလုပ် စုံစမ်းထောက်လှမ်းနေ၍ ရွှေဆိုင်များ အပြီးပိတ်သိမ်းရမည့် အခြေအနေ ဆိုက်ရောက်လာကြောင်း မရမ်းကုန်းမြို့နယ်၊ လသာမြို့နယ်နှင့် တာမွေမြို့နယ်အတွင်းမှ ရွှေဆိုင်ပိုင်ရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

အကြမ်းဖက်စစ်ကောင်စီက ဇွန်လ ၃ ရက်နေ့မှစတင်၍ ရွှေဆိုင်များထံသို့ သက်ဆိုင်ရာမြို့နယ်ရဲ၊ စရဖများမှတစ်ဆင့် စုံစမ်းထောက်လှမ်းမှုများ လုပ်ဆောင်ကြောင်း၊ ရွှေဆိုင်တွင် ရောင်းချသည့် ရွှေစျေးနှုန်း၊ ရွှေထည်ပစ္စည်းများကို ရောင်းချခြင်း၊ ပြန်လည် ဝယ်ယူခြင်း ရှိ၊ မရှိ အခြေအနေများကို နေ့စဉ် လာရောက် စုံစမ်းစစ်ဆေး နေကြောင်း၊ နေ့စဉ် ဆိုင်ဖွင့်လှစ်ရန် ဖိအားပေးသည့်အပြင် ရန်ကုန်တိုင်းရွှေအသင်းက ထုတ်ပြန်သော ရွှေစျေးဖြင့်ပါ အရောင်းအဝယ်လုပ်ရန်လည်း ဖိအားပေး ခြိမ်းခြောက်နေကြောင်း သိရှိရသည်။

“ဆိုင်ကို ဖုန်းနဲ့လည်း ဝယ်သူလိုလို ရွှေစျေး ဖုန်းဆက်မေးတယ်။ ဆိုင်ကိုလည်းလာတယ်။ မရောင်မလည်နဲ့ စုံစမ်းတာတွေလည်း လုပ်တယ်။ ကျနော်တို့က ကောင်းရောင်းကောင်းဝယ် ရွှေရောင်းတာ။ ပြစ်မှု လုပ်ထားတာလည်း မဟုတ်ဘူး။ သူတို့သတ်မှတ်စျေးနဲ့ မရောင်းရင်လည်း ထောင်ချမယ်။ ဆိုင်ကိုလည်း ချိတ်ပိတ်မယ်၊ ရွှေတွေလည်း သိမ်းမယ်နဲ့ အမျိုးမျိုးခြိမ်းခြောက်တယ်။ သူတို့သတ်မှတ်စျေးနဲ့ရောင်းရင်လည်း ကိုယ်က ရွှေ ပြန်ဝယ်မရဘူး။ ရှုံးတယ်။ အဲဒီတော့ ရွှေဆိုင်ပိတ်ပစ်ဖို့ အဓိက စဉ်းစားနေရပြီ။ စျေးကွက်စီးပွားရေး မဟုတ်တော့ဘူး။ သေနတ်ထောက်စီးပွားရေးဖြစ်နေပြီ” ဟု မရမ်းကုန်းမြို့နယ်မှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ တာမွေမြို့နယ်တွင်လည်း ရွှေဆိုင်များ ပုံမှန် ဖွင့်လှစ်ရန်နှင့် စစ်ကောင်စီ သတ်မှတ်စျေးဖြင့် ရွှေများ ထုတ်ရောင်းရန် မြို့နယ် ရဲတပ်ဖွဲ့က အသိပေးလာကြောင်း ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“ရွှေဆိုင်ပိတ်မယ်ဆိုရင်လည်း ဘာကြောင့်ပိတ်မယ်ဆိုတာ အကြောင်းကြားရမယ်ပြောတယ်။ ထွေ/အုပ်ရော၊ ရဲကိုရော အကြောင်းကြားခိုင်းတယ်။ ပြီးတော့ နေ့စဉ် အရောင်းအဝယ် စာရင်းလေး လုပ်ပြီး Viber နဲ့ ပို့ပေးပါလည်း တောင်းတယ်။ လာဝယ်တဲ့သူတွေကိုလည်း မှတ်ပုံတင်က အစ မှတ်တမ်းတင်ထားပါပြောတယ်” ဟု တာမွေမြို့နယ်မှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်တိုင်း ရွှေအသင်းမှ တစ်ဆင့် နေ့စဉ် ရွှေစျေးနှုန်းကို အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၈ သိန်းကျော်ဝန်းကျင်တွင် စျေးနှုန်းသတ်မှတ်ပြီး အရောင်းအဝယ်လုပ်ရန် အမိန့်ပေးထားကြောင်း သိရှိရသည်။

ဓာတ်ပုံ – ပြည်တွင်းရှိ ဇွဲထက်ရွှေဆိုင်ဖွင့်ပွဲ အရောင်းအခမ်းအနား။ (ပုံအဟောင်း ဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article