25 C
Yangon

စစ်ကောင်စီက မြန်မာနိုင်ငံသားများ၏ ထိုင်းကွန်ဒိုဝယ်ယူမှုအပေါ် ဖြိုခွင်းအရေးယူနေ၍ ကွန်ဒို ဝယ်လိုအားကျဆင်းနိုင်ဟု ထိုင်းကွန်ဒိုလုပ်ငန်းရှင်အသင်းက ပြောဆို

Must read

စစ်ကောင်စီက မြန်မာနိုင်ငံသားများ၏ ထိုင်းကွန်ဒိုဝယ်ယူမှုအပေါ် ဖြိုခွင်းအရေးယူနေ၍ ကွန်ဒို ဝယ်လိုအားကျဆင်းနိုင်ဟု ထိုင်းကွန်ဒိုလုပ်ငန်းရှင်အသင်းက ပြောဆို

ရန်ကုန်၊ ဇွန် ၈

အကြမ်းဖက် စစ်ကောင်စီက မြန်မာနိုင်ငံသားများ၏ ထိုင်းကွန်ဒိုများ ဝယ်ယူမှုအပေါ် ဖြိုခွင်းအရေးယူနေ၍ ဝယ် လိုအားကျဆင်းနိုင်ဟု ထိုင်းကွန်ဒိုလုပ်ငန်းရှင်အသင်းက ပြောဆိုလိုက်သည်ဟု ဘန်ကောက်ပို့စ်သတင်းအရ သိရှိရသည်။

ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုများကို မြန်မာစစ်ကောင်စီက ဖြိုခွင်းအရေး ယူနေခြင်းနေခြင်းကြောင့် ယခုနှစ် ဒုတိယနှင့် တတိယသုံးလပတ်အတွင်း ကွန်ဒိုလွှဲပြောင်းမှု သိသိသာသာ ကျဆင်းသွားနိုင်ကြောင်း ထိုင်းကွန်ဒိုလုပ်ငန်းရှင်များအသင်းက ဆိုသည်။

စစ်ကောင်စီ၏ အရေးယူမှုများကြောင့် ဧပြီလနှင့် မေလအတွင်း မြန်မာနိုင်ငံသားများ ဝယ်ယူထားသော ဘတ် ၁ ဘီလီယံကျော် တန်ဖိုးရှိသော ကွန်ဒိုအခန်းများကို ဝယ်ယူသူများထံ လွှဲပြောင်းရန် ပိတ်ဆို့ အတားအဆီးများ ရှိနေကြောင်း ထိုင်းကွန်ဒိုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ Prasert Taedulayasatit က ပြောသည်။

“ဒီဖြိုခွဲမှုဟာ နိုင်ငံခြားဝယ်လက်တွေကြား ထွန်းသစ်စဈေးကွက်ဖြစ်တဲ့ ထိုင်းကွန်ဒိုတွေကို ဝယ်ယူတဲ့ မြန်မာဖောက်သည်တွေအတွက် အခက်အခဲဖြစ်စေနိုင်တာကြောင့် Developer တွေရဲ့ ကွန်ဒိုအရောင်းအဝယ်တွေကို ဒုတိယနဲ့ တတိယသုံးလပတ်တွေမှာ ထိခိုက်မှာ သေချာပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းကွန်ဒိုများကို ဝယ်ယူနေသည့် တရုတ်များ၏ ဝယ်လိုအား နှေးကွေးလာချိန်တွင် မြန်မာဝယ်လက်များကို လစ်လျူမရှုနိုင်ကြောင်း၊ မြန်မာဝယ်လက်များ၏ ဝယ်လိုအား၊ ကွန်ဒို အရေအတွက်နှင့် တန်ဖိုးများသည် တောက်လျှောက် တိုးလာနေကြောင်း Mr Prasert က ပြောသည်။

မြန်မာနိုင်ငံသားများ၏ ကွန်ဒိုအခန်းဝယ်ယူမှုသည် ၂၀၂၂ ခုနှစ်တွင် ထိုင်းကွန်ဒိုဝယ်ယူသော ထိပ်တန်းနိုင်ငံများစာရင်းတွင် ပါဝင်လာကြောင်း ၊ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံသားများက ဘတ်ငွေ ၂ ဒသမ ၅၅ ဘီလီယံ တန်ဖိုးရှိ ကွန်ဒိုအခန်း ၃၄၉ ခန်း ဝယ်ယူခဲ့ပြီး ထိုင်းကွန်ဒိုဝယ်ယူသော အဆင့် ၆ နိုင်ငံဖြစ်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဘတ် ၃ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၅၆၄ ခန်း ဝယ်ယူပြီး ထိုင်းကွန်ဒိုများ ဝယ်ယူသော ထိပ် တန်းနိုင်ငံများစာရင်းတွင် အဆင့် ၄ နေရာရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

ယခုနှစ် ပထမ ၄ လပတ်တွင် မြန်မာနိုင်ငံသားများက ထိုင်းဘတ်ငွေ ၂ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ ထိုင်းကွန်ဒိုအခန်း ၃၉၂ ခန်းဝယ်ယူကာ အဆင့် ၂ နေရာသို့​ ရောက်ရှိလာပြီး ရုရှားနိုင်ငံသားများထက်ပင် ပို၍ ထိုင်းကွန်ဒိုများ ဝယ်ယူခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ အိမ်ခြံသတင်းအချက်အလက်စင်တာ(REIC) ၏ ခေတ္တညွှန်ကြားရေးမှူးချုပ် Vichai Viratkapan က “မြန်မာ့ဝယ်လက်တွေရဲ့ ထိုင်းကွန်ဒိုဝယ်ယူဈေးကွက်က ၂၀၂၁ ခုနှစ် နိုင်ငံရေးမငြိမ်မသက်မှု ဖြစ်ကတည်းက မြင့် တက်လာခဲ့ပါတယ်။ မကြာသေးမီက အချို့သော ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက သူတို့ရဲ့ ကွန်ဒိုတိုက်ခန်းတွေရဲ့ တစ်ဝက်ကို ဝယ်ယူတာက မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ သတင်းပို့ကြပါတယ်” ဟု ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီ၏ အရေးယူမှုများကြောင့် ထိုင်းကွန်ဒိုလုပ်ငန်းရှင်များအနေဖြင့် အရောင်းပြပွဲများဖြင့် ပြည်တွင်းဝယ်လက်ကို ဦးတည်သင့်ကြောင်း ပြောဆိုသည်။

“မြန်မာဝယ်လက်တွေကို ပစ်မှတ်ထားတဲ့ ကွန်ဒို Developer တွေအနေနဲ့ ထိုင်းနိုင်ငံမှာ အရောင်းပြပွဲတွေ ကျင်းပဖို့ ပြောင်းသင့်တယ်” ဟု ၎င်းက ပြောဆိုသည်။

ထိုင်းကွန်ဒို ဝယ်ယူမည့် မြန်မာဝယ်လက်များအတွက် အခြားနည်းလမ်းဖြင့် ငွေလွှဲပြောင်းရန် နည်းလမ်းများကို ရှာဖွေရန် လိုအပ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံမှ ကွန်ဒိုများကို ရောင်းချသူ ၂ ဦးနှင့် ကွန်ဒိုဝယ်ယူသူ ၃ ဦးတို့ကို ဖမ်းဆီးအရေးယူ၊ ၀ရမ်းထုတ်မှုများ လုပ်ဆောင်ကြောင်း ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article