25 C
Yangon

မြန်မာ စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များ အပေါ် ILO က အရေးယူရန် တုံ့ဆိုင်းနေမှု ဂျပန်က မေးခွန်းထုတ်

Must read

မြန်မာ စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များ အပေါ် ILO က အရေးယူရန် တုံ့ဆိုင်းနေမှု ဂျပန်က မေးခွန်းထုတ်

■ စစ်အာဏာရှင်လက်အောက်မှ မြန်မာပြည်သူများ လွတ်မြောက်ရန် ILO ယန္တရားကို အသုံးပြုမည်

ရန်ကုန်၊ ဇွန် ၉

မြန်မာ အကြမ်းဖက် စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များ အပေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က အရေးယူရန် တုံ့ဆိုင်းနေမှုအပေါ် ဂျပန်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံတွင် မေးခွန်းထုတ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG အလုပ်သမားဝန်ကြီးဌာနက ပြောဆိုသည်။

ဇွန်လ ၇ ရက်နေ့ ပြုလုပ်ခဲ့သည့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ် သမား ရေးရာ ညီလာခံတွင် ဂျပန်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (JTUC-RENGO)မှ ကိုယ်စားလှယ် Mr. Hideyuki SHIMIZU က ထိုသို့ မေးခွန်းထုတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“မြန်မာနိုင်ငံမှာ အာဏာရှင်စစ်ကောင်စီက အလုပ်သမားရေးရာလှုပ်ရှားမှုတွေနဲ့ ဒီမိုကရေစီဖော်ဆောင်နေမှုတွေကို ဆက်လက်ပိတ်ပင်နေပါ တယ်၊ စစ်အာဏာရှင်က အဲဒီလို ဆက်လက်လုပ်ဆောင်နေတဲ့အပေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ နဲ့ ILO အုပ်ချုပ်မှုအဖွဲ့က မေးခွန်းထုတ်ရမယ့် အခြေအနေဖြစ်ပါ တယ်၊ ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ အရ ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်တွေ၊ တိုက်တွန်းချက်တွေ ရှိနေသော်လည်း ILO ရဲ့ ချဉ်းကပ်ဆောင်ရွက်မှုတွေကို တုံ့ပြန်ဆောင်ရွက်ဖို့ စစ်ကောင်စီ လုံးဝပျက်ကွက်နေတယ်။ ရိုးသားလေးစားတဲ့ အရိပ်အရောင် အနည်းငယ်မျှ မပြပါဘူး၊ မိမိတို့ ဂျပန်နိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (JTUC-RENGO) အနေနဲ့ စစ်ကောင်စီရဲ့ အပြုအမူကို ပြင်းထန်စွာ ရှုံ့ချပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)နဲ့အပြည် ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ITUC)၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်-အာရှပစိဖိတ်ဒေသ (ITUC-AP) အပါအဝင် ဒီမိုကရေလိုလားသော အဖွဲ့တွေကို ဆက်လက် ထောက်ခံသွားမှာ ဖြစ်ပါတယ်” ဟု ဂျပန်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (JTUC-RENGO)မှ ကိုယ်စားလှယ် Mr. Hideyuki SHIMIZU က ပြောဆိုသည်ဟု သိရှိရသည်။

ဇွန်လ ၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပလျက် ရှိသော ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ (112th International Labor Conference-ILC) ကျင်းပနေခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ITUC)ကလည်း မြန်မာ နိုင်ငံတွင် အလုပ်သမားရေးအခွင့်အရေးနှင့် လူ့အခွင့်အရေးများ တိုးတက်လာရန် နှင့် ဒီမိုကရေစီအရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ ကူညီပေးခဲ့ပါကြောင်း၊ လက်ရှိလည်း ကူညီပေးနေပါကြောင်း၊ မြန်မာပြည်သူများ စစ်အာ ဏာရှင် လက်အောက်မှ လွတ်မြောက်ရန်၊ မြန်မာပြည်သူများ၏ ဘဝတိုးတက်ရန် ILO ယန္တရားကို အသုံးပြု၍ ပြင်းပြင်းထန်ထန်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article