25 C
Yangon

က၀မြို့နယ်၊ ညောင်ပင်သာရွာတွင် လူငယ်အမျိုးသားများ တိမ်း ရှောင်ကုန်၍ တပ်သားသစ် စုဆောင်းမရနိုင်တော့သဖြင့် ရွာအုပ်ချုပ်ရေးမှူး ပါ ထွက်ပြေးရ

Must read

က၀မြို့နယ်၊ ညောင်ပင်သာရွာတွင် လူငယ်အမျိုးသားများ တိမ်း ရှောင်ကုန်၍ တပ်သားသစ် စုဆောင်းမရနိုင်တော့သဖြင့် ရွာအုပ်ချုပ်ရေးမှူး ပါ ထွက်ပြေးရ

■ ညောင်ဦး၊ ဇီးအိုကျေးရွာတွင် စစ်မှုထမ်းရန် မဲပေါက်ထားသည့် လူငယ် ထွက်ပြေး၍ သိန်း ၁၈၀ စစ်တပ်က လျှော်ကြေးတောင်း

ရန်ကုန်၊ ဇွန် ၁၀

ပဲခူးတိုင်း၊ က၀မြို့နယ်၊ ညောင်ပင်သာကျေးရွာတွင် လူငယ်အမျိုးသားများ ထွက်ပြေးတိမ်းရှောင်ကုန်၍ စစ်တပ်က လိုချင်နေသော တပ်သားသစ်စု ဆောင်းမရနိုင်တော့သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုးပါ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

အိမ်ခြ ၁၀၀၀ နီးပါးရှိသော ညောင်ပင်သာကျေးရွာတွင် စစ်တပ်က ဧပြီလမှစတင်၍ တပ်သားသစ် စုဆောင်းရန် အတွက် ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ လူငယ် အမျိုးသား ၇ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် အမျိုးသားမှန်သမျှ တိမ်းရှောင်သွားခဲ့ကြောင်း၊ သက်ကြီးပိုင်းအမျိုးသားများသာ ကျေးရွာအတွင်း ကျန်ရစ်ခဲ့ကြောင်း၊ ထို့ကြောင့် စစ်တပ်က ကျေးရွာအုပ်ချုပ်ရေးမှူးကို တပ်သားသစ်များ ဘေးပတ်ဝန်းကျင် ကျေးရွာများမှ မဖြစ်မနေ စုဆောင်းပေးရန်နှင့် ငွေကြေးကောက်ခံ ပေးရန် ဖိအားပေးကြောင်း ၊ ထို့ကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုးမှာလည်း စစ်တပ်၏ ဖိအားပေး ခြိမ်းခြောက်မှုကို မခံနိုင်သဖြင့် ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရှိရသည်။

“စစ်တပ်က ပေါ်တာဆွဲတော့ ရွာမှာ လူငယ် ယောင်္ကျားလေးကို မရှိတော့ဘူး။ တပ်ကလည်း တွေ့သမျှ လူငယ် အကုန် ဖမ်းတာ။ အဲဒါ လူငယ် ၇ ယောက်လောက်ပါသွားပြီးပြီ။ ဘယ်ပါသွားလဲ ဘယ်ခေါ်သွားလဲ ဘာမှကို မသိရဘူး။ တပ်သားသစ်တွေ ထပ်စုပေးဖို့နဲ့ အိမ်ခြေ ၁၀၀၀ နီးပါးရှိတဲ့ ရွာမှာ တစ်အိမ်ထောင် ၂၅၀၀၀နဲ့ ငွေကောက်ပေးဖို့ စစ်တပ်က အုပ်ချုပ်ရေးမှူးကို ခိုင်းတယ်။ ကြာတော့ အုပ်ချုပ်ရေးမှူးလည်း မရတာတွေ လုပ်ခိုင်းတော့ ပြေးသွားတာပဲ” ဟု ညောင်ပင်သာကျေးရွာမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် အုပ်ချုပ်ရေးမှူး ထွက်ပြေးသွားသဖြင့် စစ်တပ်က ကျေးရွာ ဘုန်းကြီးကျောင်းသို့ လာရောက် တပ်စွဲထားပြီး လူငယ်များ မရှိပါက အသက် ၆၀ နှင့် အထက်များပါ စစ်မှုထမ်းရန် ခေါ်ယူမည်ဖြစ်ကြောင်း၊ အမျိုးသားမှန်သမျှသည် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ပြောဆိုလာကြောင်း၊ ထို့ကြောင့် သက်ကြီးပိုင်း အမျိုးသားများပါ ထပ်မံ ထွက်ပြေးရမည့် အခြေအနေဖြစ်နေကြာင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဇီးအိုကျေးရွာတွင် စစ်မှုထမ်းရန် မဲပေါက်ထားသော မောင်ဖိုးကျော် ဆိုသော လူငယ်မှာ စစ်မှုမထမ်းဘဲ ထွက်ပြေးသွားသဖြင့် စစ်တပ်က သိန်း ၁၈၀ လျှော်ကြေးပေးရန် တောင်းခံလာကြောင်း ကျေးရွာသားများက ပြောဆိုကြသည်။

စစ်မှုထမ်း အပတ်စဉ် ၂ အတွက် မဲပေါက်ထားသူ လူငယ် မောင်ဖိုးကျော်သည် စစ်မှုထမ်းရန် ဆင့်ခေါ်လာချိန်တွင် ထွက်ပြေးသွားကြောင်း၊ ထို့ကြောင့် ဇီးအိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ညိုက သိန်း ၁၈၀ စစ်တပ်က လျှော်ကြေးတောင်းလာကြောင်း၊ ထို့ကြောင့် ကျေးရွာရှိ ပြည်သူများက စစ်တပ်က တောင်းခံသော သိန်း ၁၈၀ လျှော်ကြေးကို ပေးရန် တာဝန်ရှိသည်ဟုဆိုကာ အတင်းအကျပ် တောင်းခံနေကြောင်း သိရှိရသည်။

“ရွာမှာက အိမ်ထောင်စု ၂၀၀ ကျော်ရှိတယ်ဆိုပေမယ့် အများစုက မပြေလည်ကြဘူး။ အဲဒါ စစ်မှုထမ်းရမယ့် မောင်ဖိုးကျော် ထွက်ပြေးလို့ဆိုပြီး စစ်တပ်က လျှော်ကြေးတောင်းနေတယ်။ သိန်း ၁၈၀ ပေးရမယ်ဆိုပြီး ဇီးအိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ညိုက ပြည်သူတွေဆီက ငွေလိုက်ကောက်ခံနေပါတယ်” ဟု​ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ ပေါ်တာဆွဲ ဖမ်းဆီးမှုများကြောင့် စစ်မှုထမ်းရန် ရောက်ရှိနေသည့် လူငယ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article