ရန်ကုန်၊ ဇွန် ၁၁
ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် ဘွမ်တောင် စစ်တပ်စခန်းကို ယနေ့ နံနက်ပိုင်းတွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန် ၀ိုင်းမော်မြို့နယ် ဆဒုန်းလမ်းမပေါ်ရှိ ဘွမ်တောင်စခန်းကို သိမ်း ပိုက်ရရှိခြင်းဖြစ်ကြောင်း၊ အဆိုပါစခန်းသည် အရေးပါသော စခန်းတစ်ခုဖြစ်ပြီး ဆဒုန်းလမ်းနှင့် ပတ်ဝန်းကျင်နေရာများ၏ နယ်မြေစိုးမိုးရေးအတွက် အဓိက စခန်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။
” ဘွမ်တောင်စစ်တပ်စခန်းမှာ စစ် သုံ့ပန်းနဲ့ လက်နက်တွေလည်း သိမ်းဆည်းရရှိပါတယ်။ နယ်မြေရှင်းလင်းရေးတွေ လုပ်နေပါတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့အတူ ယနေ့ နံနက် ၉ နာရီအချိန် ၀ိုင်းမော်မြို့နယ်၊ ချီဖွေ-ဆဒုံးလမ်းခွဲရှိ ၁၃ မိုင် စစ်တပ်စုပေါင်းဂိတ်ကိုလည်း KIA က ထပ်မံသိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။
“ဒီကနေ့ မနက် ၉ နာရီလောက်မှာ ဝိုင်းမော်မြို့နယ် ဝါးရှောင် အထက်နား မှ ချီဖွေ နှင့် ကမ်ပိုင်တီ လမ်းခွဲ မှာရှိတဲ့ စစ်ကောင်စီ ရဲ့ စုပေါင်းဂိတ်ကို KIA နဲ့ တော်လှန်ရေးတပ်တွေက ထပ်မံသိမ်းပိုက်ပါတယ်” ဟု KIA ရှေ့တန်း သတင်းရင်းမြစ်က ရှင်းပြသည်။
အလားတူ ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ပေါင်းစု စခန်းတစ်ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။
တနိုင်းမြို့နယ်၊ ခလောင်ကောင်(ရေကန်တောင်)ရှိ စကစ၏ တပ်ပေါင်းစုစခန်းတစ်ခုကို တော် လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်ပြီး ယင်းစခန်းတွင် စစ်ကောင်စီတပ်သား အများအပြား တပ်စွဲထားကြောင်း၊ လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ – ယနေ့ နံနက် ၇ နာရီ KIA က သိမ်းပိုက်ရရှိသည့် ဘွမ်တောင် စစ်တပ်စခန်း။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar