25 C
Yangon

မောင်တောမြို့မှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ လစာမရသည်မှာ ၃ လကျော်ကြာမြင့်နေပြီး အသက်စွန့်တိုက်ခိုက်နေရ

Must read

ရန်ကုန်| ဇွန် ၁၂

ရခိုင်ပြည် မောင်တောမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့များ အထူးသဖြင့် နယ်ခြားစောင့်တပ် နခခ တပ်သားများ လစာမရဘဲ ရှေ့တန်းထွက် အသက်စွန့်တိုက် ခိုက် နေရကြောင်း ကာယကံရှင် မိသားစုဝင်များထံမှ သိရသည်။

မောင်တောဒေသသို့ လက်နက်ခဲယမ်းများ ပို့ဆောင်နိုင်ပြီး လစာငွေကျမပေးကြဘဲ အထက်အရာရှိများက အကြောင်းအမျိုးမျိုး ပြနေသည်ဟု မောင်တော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

” နခခ ၂ နှင့် ၅ ကိုကျ လစာပေးတယ်။ နခခ ၁ ၊ ၃ ၊ ၄ ၊ ၆ ကို မပေးဘူး။ ၃ လလောက်ရှိနေပြီ လစာမရတာ။ လစာမရတဲ့ တပ်ဖွဲ့ဝင် ၆၀၀ လောက်ရှိတယ်။ ဘာကြောင့်မပေးတာလဲ မေးတော့ ငွေသယ်လာတဲ့ စစ်သင်္ဘော (သူတို့အခေါ် ကမ်းတိုး) မရောက်သေးလို့ ပြောတယ်။ လက်နက်ခဲယမ်းတွေကျ ပို့နိုင်တယ်။ လစာငွေကျ မပို့နိုင်ကြဘူး။ တိုက်ပွဲကိုတော့ အသက်စွန့်ပြီး တိုက်နေရတယ်။ ” ဟု မောင်တော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်၏ မိသားစုဝင် ပြောသည်။

ဇွန်လ ၈ ရက်နေ့က မောင်တောဒေသကို ကမ်းတိုး (စစ်သင်္ဘော) များရောက်ရှိလာသော်လည်း လစာငွေများမပါရှိဘဲ လူနာများကိုသာ ခေါ်ယူသွားကြောင်း သိရသည်။

ပြီးခဲ့သည့် လအနည်းငယ်က လစာငွေများ တစ်ဝက်ကို တပ်ဖွဲ့ဝင် မိသားစုများထံ ပေးအပ်ထားမည်ဟု ပြောသော်လည်း ယနေ့အချိန်အထိ လစာငွေများ မရရှိကြသေးကြောင်း နောက်ထပ် နခခ မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

” ပေးမယ် ပြောနေတာ အရမ်းကြာနေပြီ။ အခုထက်ထိလည်း ပေးတာမရှိဘူး။ ပြီးခဲ့တဲ့ ၃ လကျော်လောက်က လစာပေးမယ် KPAY၊ WAVE အကောင့်ပေးပါဆိုလို့ ပေးလိုက်သေးတယ်။ အခုထိ ငွေက ဝင်မလာသေးဘူး။ ဖြတ်စားထားကြတာလား၊ ဘာလားတော့ မသိတော့ဘူး။ ” ဟု ပြောသည်။

နခခ မိသားစုဝင်များ လစာထုတ်ရသည့် နေရာမှာ ခမရ တပ်ရင်းများက ထုတ် ယူရပြီး လစာငွေများမှာ စစ်တွေမြို့က တပ်ရင်း ၃၆ မှာရှိကြောင်း နခခမိသားစုဝင်များက ဆိုသည်။

စစ်ကောင်စီ၏ နခခ တပ်ဖွဲ့ဝင်များ မိသားစုဝင်များမှာ မောင်တောနှင့် စစ်တွေမြို့ထဲတွင်လည်း ရှိသလို ရန်ကုန်နှင့် အခြားနေရာဒေသများတွင်လည်းရှိကြပြီး ၎င်းတို့၏ အမျိုးသားများကို လစာမရကြ၍ အိမ်က ထည့်ပေးနေရကြောင်း စုံစမ်းသိရသည်။

နခခ ၆ နှင့် ၉ ကို အာရက္ခတပ်တော် AA သိမ်းပိုက်လိုက်ပြီဖြစ်သော်လည်း ယင်းတပ်စခန်းက တပ်ဖွဲ့ဝင်အချို့မှာ နခခ ၁၊ ၃၊ ၄ တို့မှာ တပ်တွဲအကူအနေဖြင့် ရှိနေကြကြောင်း သိရသည်။

နခခ ၄ နှင့် ၉ က ဆုတ်ခွာလာသော ရာနှင့်ချီ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မောင်တောမြို့နယ် အလယ်သံကျော်ကမ်း ခြေအနီး ပင်လယ်ပြင်တွင် စက်လှေတိမ်းမှောက်ခဲ့သည်။ စက်လှေတိမ်းမှောက်၍ ကလေးငယ် နှစ်ဦးနှင့် ရဲမေနှစ်ဦး ပင်လယ်ထဲပျောက်ဆုံးနေကြောင်း သိရသည်။

ဓာတ်ပုံ – နယ်ခြားစောင့်ရဲတစ်ဦးကို ဘူးသီးတောင်မြို့နယ်တွင် ၂၀၁၉ ဇန်နဝါရီအတွင်း တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-အီးပီအေ)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

နယ်ခြားစောင့်ရဲတစ်ဦးကို ဘူးသီးတောင်မြို့နယ်တွင် ၂၀၁၉ ဇန်နဝါရီအတွင်း တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-အီးပီအေ)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article