28 C
Yangon

ညောင်ဦးမြို့နယ်တွင် စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ခံရသော မောင်ချက်ဖောင်း ၁၃ ရက်အကြာ နှိပ်စက်ဒဏ်ရာများဖြင့် သေဆုံး၊ စစ်တပ်က အလောင်းပြန်ပေးပြီး ဓာတ်လိုက်သေဆုံးသည်ဟု လိမ်ညာပြောဆို

Must read

ရန်ကုန်၊ ဇွန် ၁၃

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ခံရသော မောင်ချက်ဖောင်း ၁၃ ရက်အကြာ နှိပ်စက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကာ စစ် တပ် အလောင်းပြန်ပေးပြီး ဓာတ်လိုက်သေဆုံးသည်ဟု လိမ်ညာပြောဆိုကြောင်း မိသားစုနှင့်နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

မေလ ၂၉ ရက်နေ့ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းအုပ်စု၊ ကောင်းပင်စီကျေးရွာမှ ဦးအောင်နိုင်ဦး၏သားဖြစ်သူ အသက် ၂၀ အရွယ် မောင်ချက်ဖောင်းကို စစ်မှုထမ်းရန်အတွက်ဟုဆိုကာ စစ်တပ်က ဖမ်းခေါ်သွားခဲ့ကြောင်း၊ ယင်းနောက် ဇွန်လ ၁၁ ရက်နေ့တွင် မောင်ချက်ဖောင်း ဓာတ်လိုက်သေဆုံးသည် ဟု အကြောင်းကြားကာ ကျောက်ပန်းတောင်းမြို့နယ်ဆေးရုံ၊ ရင်ခွဲရုံတွင် အလောင်း သွားသယ်ဆောင်ရကြောင်း၊ ဇွန်လ ၁၂ ရက်နေ့တွင် သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီက မောင်ချက်ဖောင်း သေဆုံးမှုနှင့်ပတ်သက်၍ မိဘများကို အကြောင်းကြားရာတွင် ဓာတ်လိုက်သေဆုံးသည်ဟု ပြောဆိုကြောင်း၊ သို့ရာတွင် မောင်ချက်ဖောင်း၏ အလောင်းတွင် နှိပ်စက်ဒဏ်ရာများရှိနေပြီး အလောင်း၏ နှာခေါင်းမှလည်း သွေးများထွက်နေကြောင်း သိရှိရသည်။

” တောင်ဇင်းနယ်ဘက်မှာ တောင်ဇင်းအုပ်ချုပ်ရေးမှူး သိန်းပိုနဲ့ ကောင်းပင်စီရွာ ရာအိမ်မှူး ဌေးမောင်တို့ပေါင်းပြီး မောင်ချက်ဖောင်းကို စစ်ထဲထည့်လိုက်တာ။ ကလေး မိသားစုက ပိုက်ဆံမရှိဘူး၊ ပညာလည်းမတတ်ဘူး ။ မြေနိမ့်ရာလှံစိုက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးက ဒီမိသားစုကို အနိုင်ကျင့်ပြီး ကလေးကို စစ်ထဲထည့်တာ။ မောင်ချက်ဖေါင်းက အသက်က ၂၀ကျော်ကျော်လေးပဲရှိသေးတယ်။ ဒီကလေးက ကျောက်ပန်းတောင်းနယ်ဘက်အိမ်ထောင်ကျတာ။ မဲပေါက် တဲ့ အချိန်မှာ သူ့အမျိုးသမီးက မီးတွင်းထဲရှိသေးတယ်။ ဒါကို သူ့မိဘ ဒုက္ခပေးမှာ ကြောက်လို့ သူ့မိန်းမကို အသိမပေးဘဲ အမေနေမကောင်းဘူးဆိုပြီး စစ်ထဲလိုက်သွားတာ။ မောင်ချက်ဖောင်းရဲ့ လက်နှစ်ဖက်လုံးက ကျိုးထားတော့ ကောက်နေလို့ သူဆေးစစ်ရင်မအောင်လောက်ပါဘူးဟုဆိုပြီးလိုက်သွားတာ” ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောဆိုသည်။

မောင်ချက်ဖောင်း၏ အလောင်းကို ပြန်လည် သယ်ယူချိန်တွင် ကျောက်ပန်းတောင်းအမြောက်တပ်ထဲမှ အရာရှိတစ်ဦး လိုက်ပါလာပြီး မောင်ချက်ဖောင်းသေဆုံးမှုသည် စစ်တပ်၏ သင်တန်းသား မဖြစ်သေး၍ သေဆုံးမှုမှာ စစ်တပ်နှင့် မသက်ဆိုင်ဟု ပြောဆိုသွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်မှုထမ်းရန် အတင်းအကျပ် ဖိအားပေးခံနေရသည့် လူငယ်တချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်မှုထမ်းရန် အတင်းအကျပ် ဖိအားပေးခံနေရသည့် လူငယ်တချို့။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article