ရန်ကုန်၊ ဇွန် ၂၁
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ် ဘက်မှ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Mon State Revolution Force – MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
ဇွန်လ ၁၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရေး – ထားဝယ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် ရေဖြူမြို့ နယ်၊ ရာဖူးကျေးရွာအုပ်စု၊ မျောက်ချေကျေးရွာဘက်ကို အင်အား ၁၄၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင် ရောက်လာသော အကြမ်းဖက်စစ်သားများကို မျောက်ချောကျေးရွာအနီး ကွမ်းသီးခံများအတွင်း၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃၀ ဦးထက်မနည်းသေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စစ်ခွေးဘက်က အနည်းဆုံး ၃၀ သေတယ်။ ဒဏ်ရာရတာ ၂၀ ထက်မနည်းရှိတယ်။ ဘာဖြစ်လို့ ဒီလို ပြောနိုင်သလဲဆိုရင် ရှေ့တန်းစစ်မျက်နှာမှာ တိုက်နေတဲ့ ရဲဘော်တွေတောင်မှ လန့်သွားတယ်။ တိုက် ပွဲဖြစ်တာက ၈ နာရီ ပတ်ဝန်းကျင်လောက်မှာ စစ်ခွေးတွေဘက်က ၁၂၀ ၊ ၁၂၂ ၊ ၈၁ မမတွေနဲ့ စပစ် တယ်၊ ကျနော်တို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်တုန့်ပြန်တယ်။ နောက်ဒရုန်းတွေနဲ့ ပြန်တုန့် ပြန်တယ်။ သူတို့အခြေအနေကို ကြည့်တဲ့အခါကျတော့ သူတို့တက်မှာသိတဲ့အတွက်ကြောင့် အသေ အချာနေရာယူပြီးတော့ စောင့်တယ်။ လက်နက်ကြီးတွေရပ်ပြီးတော့ တက်လာတဲ့အခါကျတော့ ဒီအတိုင်းကြီးလျှောက်ဝင်လာတာ ထိုးစစ်ဆင်တာမဟုတ်ဘဲ ဒီအတိုင်းကြီး လျှောက်ပြီးတော့ ဝင်လာတာ ပစ်တာလည်းမဟုတ်ဘူး။ အဲဒီမှာ ကျနော်တို့ စပြီးတော့ ပစ်ချလိုက်တာပေါ့။ အဲလို ပစ်ချတိုက်တော့ အတုံးအရုန်းနဲ့ လည်းသွားတယ်၊ ခဏကြာတော့ ပျောက်သွားပြီးတော့ နောက် တစ်သုတ်လည်း အဲဒီပုံစံပဲ တက်လာတယ်။ စကစက တပ်သားတွေကို ဆေးတစ်ခုခုကျွေးပြီးတော့ တက်ခိုင်းတယ်လို့ ယူဆရတယ်။ မူးယစ်ဆေးသော်လည်းကောင်း၊ စိတ်ကြွဆေးသော်လည်းကောင်း ပေါ့။ နို့မဟုတ်ရင် ဒီလိုတက်လာမှာမဟုတ်ဘူး။ ဒီလိုသတင်းမျိုးက အရင်တုန်းကလည်း တိုက်ပွဲ တွေမှာ ကြားဖူးတာပေါ့။ အခုတော့ ကျနော်တို့ ရဲဘော်တွေကိုယ်တိုင် မြင်ခဲ့ရပြီပေါ့။ အဲဒါကြောင့် ၃၀ လောက်ကျတယ်လို့ပြောလို့ရတာပေါ့။ ပြီးတော့ တိုက်ပွဲက တော်တော်လေးနီးကပ်တယ်။ အဲဒါ ကြောင့်လည်း ကျနော်တို့ဘက်က ရဲဘော်တစ်ယောက်က တက်ဆွဲလို့ MA 2 သေနတ်တစ်လက်ရ တာပေါ့” ဟု Mon State Revolution Force – MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
ယင်းတိုက်ပွဲသည် ညနေ ၃ နာရီခန့်အထိကြာမြင့်ခဲ့ပြီး MSRF မှ ရဲဘော် ၂ ဦး၊ ABSDF မှ ရဲဘော် ၁ ဦး၊ KBDF မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် အထိနာသောအကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူယူကာ အင်အား ထပ်မံတိုးပြီး ဆက်လက်ချီတက်လာသဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာပေးလိုက် ရကြောင်း၊ အကြမ်းဖက်စစ်သားများသည် မြောက်ချောကျေးရွာအတွင်းသို့ ဝင်ရောက်သွားပြီး ပြည် သူ့နေအိမ်များ၊ ဈေးဆိုင်များကို မီးရှို့ဖျက်ဆီးကာ တပ်စွဲထားကြောင်း သိရသည်။
“လေယာဉ်နဲ့က မွန်းလွဲ ၁ နာရီခွဲလောက်က ၄ ခေါက်လာပစ်တယ်။ တိုက်ပွဲစဖြစ်တဲ့အချိန်က တော့ အင်အားက ၁၄၀ လောက်ပဲ။ နောက်ထပ် ၁၀၀ ကျော်လည်း ထပ်ရောက်လာတယ်။ သူတို့ဘက်က အဲလိုအင်အားတိုးမြှင့်လာတဲ့အပေါ်မှာ ပြန်ဆုတ်လိုက်ရတာ။ ကျနော်တို့ ဆုတ်ပြီးတော့ သူတို့က မျောက်ချောရွာဘက်ကိုသွားတယ်။ မျောက်ချောရွာထဲကို လက်နက်ကြီးတွေနဲ့ထုတယ်။ ပြီးတော့ သေနတ်ပစ်ဖောက်ပြီးတော့ ရွာထဲကို ဝင်သွားတယ်။ ရွာထဲရောက်ပြီးတော့ သူတို့ကို မြင်နိုင်တဲ့ နေရာတွေ ဈေးဆိုင်တွေမီးရှို့ပစ်တယ်။ အားလုံးအိမ်ပေါင်း ၃၀ လောက်တော့မီးလောင်ဆုံးရှုံးတယ် လို့သတင်းကြားရတာပေါ့။ ပြည်သူတွေက ထွက်ပြေးနေရဆဲဆိုတော့ စစ်ခွေးတွေက အိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းယူနေလောက်ပြီ ဒါကြောင့်လည်း ဒီမနက်အထိ မပြန်သေးဘူး။ “ဟု Mon State Revolution Force – MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
အဆိုပါ အကြမ်းဖက်စစ်သားများကို မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ဒေါနစစ်ကြောင်း၊ ABSDF၊ KBDF ၊ YGF၊ ရေးသိမ်းငှက် ၊ Air Force – YAF ၊ NMSP -AD အပါအဝင် မဟာမိတ်ပူးပေါင်းတပ်များ က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများမှာ ခလရ ၄၀၉ တပ်ရင်း၊ ၂၈၂ တပ်ရင်းတို့ အပါအဝင် တပ်ရင်း လေးငါးခု ပေါင်းထားသည့် စစ်ကြောင်းဖြစ်ကြောင်း၊ ရေး -ထားဝယ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးရန် အကြမ်းဖက်စစ် ခေါင်းဆောင်များက အမိန့်ပေးထားကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar