27 C
Yangon

ကုလလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာက စစ်ကောင်စီကို ထိရောက်သော အရေးယူမှု မရှိ၍ မြန်မာပြည်သူများ ဒုက္ခ ခါးစည်းခံနေရဟု သံအမတ်ကြီးဦးကျော်မိုးထွန်းပြော

Must read

ရန်ကုန်၊ ဇွန် ၂၈

ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာက စစ်ကောင်စီကို ထိရောက်သော အရေးယူမှု မရှိ၍ မြန်မာပြည်သူများအနေဖြင့် ကြီးမားသော ဒုက္ခများကို ခါးစည်းခံနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းသံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။

ဇွန်လ ၂၇ ရက်နေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ကျင်းပပြုလုပ်ခဲ့သည့် က လေး သူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ ဆိုင်ရာ တံခါးဖွင့် အစည်း အဝေး တွင် အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုက်အဝန်းထံမှ စစ်ကောင်စီအပေါ် ထိရောက်သည့် လုပ်ဆောင်ချက်များကို ကြိမ်ဖန်များစွာ တောင်း ဆိုခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ တောင်းဆိုထားသည့် ထိရောက်သော အရေး ယူဆောင်ရွက်ချက်များ မရှိသည့် ဆိုးကျိုးဖြစ်သော ကြီးမားသောဒုက္ခများကို မြန်မာပြည်သူများ အထူးသဖြင့် အမျိုးသမီးများ၊ လူငယ်များနှင့် ကလေး ငယ်များမှာ ခါးစည်း၍သာ ခံနေရကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

မြန်မာနိုင်ငံရှိ ကလေးငယ်များနှင့် လူငယ်များ ရင်ဆိုင်နေရသည့် ဆို့နင့်ဖွယ် အခြေ အနေများ၏ အဓိက အရင်းအမြစ်သည် အာဏာသိမ်းစစ်တပ်နှင့် ၎င်း၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များဖြစ်သည်မှာ ရှင်းလင်းမြင်သာကြောင်း၊ နိုင်ငံတကာအနေဖြင့် ကျေးဇူး ပြု၍ နိုးထပေးကြစေလိုကြောင်း၊ လူ သားဆန်မှုကို ဉီးစားပေးကြပြီး မိမိတို့၏ ကလေးငယ်များနှင့် ပြည်သူများ၏ အသက်ကို ကယ်တင်ပေးစေလိုကြောင်း၊ မိမိတို့၏ ပြည်သူများ အထူးသဖြင့် ကလေးငယ်များနှင့် လူငယ်များ၏ အနာဂတ်ကို ပြန်လည်ဆောင်ကြဉ်းပေးကြပါရန် သံအမတ်ကြီးက ပန်ကြားသည်။

မြန်မာနိုင်ငံဖြစ်စဉ်တွင် ကလေးငယ်များအပေါ် ကျူးလွန်သည့် ကြီးလေးသော ချိုးဖောက် မှုများမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဖြစ်ပေါ်ခဲ့သည့် မတရား စစ်အာဏာသိမ်းမှု ကြိုးပမ်းမှုနောက်ပိုင်းတွင် ဆတက်ထမ်းပိုး မြင့်တက်လာကြောင်း၊ မတရား အာဏာသိမ်းရန် ကြိုးပမ်းသည့် စစ်တပ်သည် ကလေးငယ်များအား တရားလက်လွတ် ဖမ်းဆီး၊ ချုပ်နှောင်၊ ထိန်းသိမ်းခြင်းများ၊ သတ်ဖြတ်ခြင်းများ၊ အဓမ္မပြုကျင့်ခြင်းများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုများ၊ ဥပဒေမဲ့ တပ်သားစုဆောင်းခြင်းများ၊ လူသားဒိုင်းများအဖြစ် အသုံး ချခြင်းများနှင့် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ယင်း ကဏ္ဍများတွင် တာဝန်ထမ်းဆောင် နေကြသည့် ဝန်ထမ်းများအား တိုက်ခိုက်ခြင်းများကို အတိ အလင်း ကျုးလွန်ခဲ့သည်ကို မျက်ဝါး ထင်ထင် တွေ့မြင်ရကြောင်း သံအမတ်ကြီးက ပြောသည်။

အလားတူပင် အာဏာသိမ်းစစ်တပ်မှ အစဉ်တစိုက် ကျူးလွန်လျက်ရှိသော အန္တရာယ်ရှိ သည့် ရက်စက်ကြမ်းကြုတ်မှုများအနက် ပညာရေးအဆောက်အဦများအပေါ် မဆင် မခြင်၊ စနစ်တကျ နှင့် ပစ်မှတ်ထား၍ လေကြောင်းမှတဆင့် တိုက်ခိုက်ခြင်းများအပြင် ဖောက်ခွဲရေးပစ္စည်းများနှင့် မိုင်းများအား အသုံးပြုခြင်းတို့မှာ များစွာအနက် အချို့မျှသာဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြ သည်။

မြန်မာနိုင်ငံရှိ ကလေးငယ်များသည် စစ်တပ်၏ မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် အရင်းအနှီးကြီးကြီးပေးဆပ်နေရပြီး ပညာရေးနှင့် ကျန်းမာရေးအခွင့်အရေးများကို ဆုံးရှုံးနေရကြောင်း၊ အထူးသဖြင့် မိမိတို့၏ ကလေးငယ်များအနေဖြင့် ဘေးကင်းလုံခြုံစိတ်ချရသည့် ပညာ သင်ကြားခွင့် အခွင့်အရေးများ ဆုံးရှုံးနေခြင်းနှင့် ဗုံးခိုကျင်းများနှင့် ရွှေ့ပြောင်းနိုင်သည့် စခန်းများတွင် စာသင်နေရခြင်းများ ထပ်ခါအလဲလဲ တွေ့မြင်နေရခြင်းမှာ အလွန်ပင် ကြေကွဲဖွယ် ကောင်းကြောင်း၊ ထို့ပြင် မလုံခြုံမှုနှင့် အခြားသော ကန့်သတ်ချက်များကြောင့် ကလေးငယ် အများစုမှာ အခြေခံကျန်းမာရေးနှင့် အစာအဟာရ ရရှိရေးကိုပင် မရရှိဘဲဖြစ်နေကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

ထို့ပြင် အာဏာသိမ်းစစ်တပ်၏ မကြာသေးမီက တရားမဝင် တပ်သားစု ဆောင်း မှု အစီအစဉ်ကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူများ၏ ဒုက္ခကို ပိုမို ဆိုးရွားလာစေခဲ့ကြောင်း၊ ယင်းအစီအစဉ်ထွက်ပေါ်လာပြီးနောက် အိမ်ထောင်စုတိုင်း၊ အထူး သဖြင့် လူငယ်လူရွယ်များရှိသည့် မိသားစုများမှာ အကြောက်တရားဖြင့် နေထိုင်နေရကြောင်း၊ လူငယ်များအနေဖြင့်လည်း ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ အသက် ၁၈ နှစ် အောက်ရှိသူများမှာ စစ်တပ်၏ တရားမဝင် တပ်သားစုဆောင်းမှုနှင့် လူသားဒိုင်းအဖြစ် အသုံးချ ခံရခြင်းမှ တိမ်းရှောင်နိုင်ရန် ပုန်းကွယ်နေရပြီး ပြည်တွင်းမှ ထွက်ပြေးနေရကြောင်း၊ စစ်တပ်၏ တပ်သားစုဆောင်းမှုစာရင်းတွင် ပါဝင်သည့် အချို့သော ကာယကံရှင် လူငယ်များနှင့် ၎င်းတို့၏ မိသားစုဝင်များမှာ မိမိကိုယ်ကို အဆုံး စီရင်ခြင်းများကိုပင် လုပ်ဆောင်ခဲ့ကြကြောင်း သံအမတ်ကြီးက ပြောသည်။

မြန်မာနိုင်ငံရှိ ကလေးငယ်များနှင့် လူငယ်များ ရင်ဆိုင်နေရသည့် ဆို့နင့်ဖွယ် အခြေအနေများ၏ အဓိက အရင်းအမြစ်သည် အာဏာသိမ်းစစ်တပ်နှင့် ၎င်း၏ ရက်စက် ကြမ်း ကြုတ်သော လုပ်ရပ်များဖြစ်သည်မှာ ရှင်းလင်းမြင်သာကြောင်း၊ တစ်ဖက်တွင်လည်း နေရပ်စွန့်ခွာမှုများ စားနပ်ရိက္ခာ မလုံလောက်မှု၊ ငတ်မွတ်မှုနှင့် အတင်းအကျပ် တပ်သားစုဆောင်းမှုတို့ အဆမတန် မြင့်တက်လာသည်နှင့်အမျှ မြန်မာ အရေးကိစ္စအား ဖြေရှင်းနိုင်ရန် အဟန့်အတား မရှိသော လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ရရှိရေးကို အဓိကနေရာမှ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း သံအမတ်ကြီးက ဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့်လည်း မြန်မာအရေးကိစ္စအတွက် ယခုထက်ပို၍ လုပ်ဆောင် နိုင်ပါကြောင်း၊ အာဏာသိမ်း စစ်တပ်မှ ကောင်စီ၏ မြန် မာ နိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆို ၂၆၆၉ ကို လိုက်နာဆောင်ရွက်မှု ဂရုစိုက်မှုလုံးဝမရှိသည်မှာ လုံခြုံရေးကောင်စီ၏ လုပ်ပိုင်ခွင့်တာဝန်၊ အခွင့်အာဏာနှင့် အင်အားတို့ကို ခြိမ်းခြောက်နေခြင်းပင် ဖြစ်ကြောင်း သံအမတ်ကြီးက ထောက်ပြ သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်မှ ၎င်း၏ တရားမဝင်သော စစ်အာဏာ သိမ်းမှုကို ချုပ်ငြိမ်း ခြင်း၊ စစ်အာဏာရှင်စနစ်အား ချုပ်ငြိမ်းခြင်းနှင့် အပြစ်ကျူးလွန်မှုများအတွက် တာဝန်ခံခြင်း ရှိမှသာလျှင် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးငယ်များအပေါ် ကျူးလွန်သည့် ကြီးလေးသော ချိုးဖောက်မှုများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ရရာနည်းလမ်းကို အသုံးပြု၍ ပြည်သူသာ အဓိကဖြစ်သည့် မိမိတို့၏ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် ရေးကို အပြည့်အဝ ပံ့ပိုးကူညီပေးကြရန် သံအမတ်ကြီးက တောင်းဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article