27 C
Yangon

နေပြည်တော် VIP စားသောက်ဆိုင် တွင် သီဆိုဖျော်ဖြေမှုကြောင့် သပိတ် မှောက် BC အလုပ်ခံရမည့်အပေါ် အင်္ဂလိပ်လို နားမလည်ဟု လှောင်ပြောင်သည့် အဆိုတော် လေးဖြူကို ပြည်သူများက အပြင်းအထန် ဝေဖန်

Must read

ရန်ကုန်၊ ဇူလိုင် ၅

နေပြည်တော်ရှိ စစ်ကောင်စီအသိုင်းအ၀ိုင်းများ လာရောက် စားသောက်ပျော်ပါးလေ့ရှိသည့် VIP စားသောက် ဆိုင် တွင် သီဆိုဖျော်ဖြေမှုကြောင့် သပိတ်မှောက် BC အလုပ်ခံရမည့်အပေါ် BC ဆိုသော စကားလုံးကို အင်္ဂလိပ်လို နားမလည်ဟု လှောင်ပြောင်သည့် အဆိုတော် လေးဖြူကို အားမပေးကြရန် လူမှုကွန်ရက်တွင် စည်းရုံးတိုက်တွန်းလှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိသည်။

ဇူလိုင်လ ၂ ရက်နေ့ နေပြည်တော်ရှိ VIP စားသောက်ဆိုင်တွင် အဆိုတော် လေးဖြူ က သွားရောက် ဖျော်ဖြေရင်း ၎င်းကို သပိတ်မှောက်မည့် BC ဆိုသော စကားလုံးကို နားမလည်ကြောင်း၊ A to Z ဘာမှ နားမလည်ကြောင်း လှောင် ပြောင်သွားခဲ့ခြင်းဖြစ်သည်။

“နေပြည်တော်မှာ စကားသိပ်ပြောလို့မကောင်းဘူး။ နည်းနည်းကြောက်လို့ပါ။ ထစ်ခနဲရှိရင် ဘာလုပ်မယ် ညာလုပ်မယ်နဲ့။ သူငယ်ချင်းက ကျွန်တော့်ကို Screenshot ရိုက်ပြီးပို့တယ်။ မင်းကို BC လုပ်မယ်တဲ့။ ကျွန်တော်မိန်းမကို လှည့်မေးတယ်။ ဟေ့ကောင် BC ဆိုတာဘာလဲ။ ကျွန်တော် A to Z လည်းနားမလည်ဘူး။ BC မှမဟုတ်ဘူး A to Z နားမလည်ဘူး ” ဟု အဆိုတော် လေးဖြူက လှောင်ပြောင် ပြောဆိုသွားခဲ့သည်။

အဆိုတော်လေးဖြူ၏ BC ကို နားမလည်ဆိုသော လှောင်ပြောင်မှုမှာ လူမှုကွန် ရက်နှင့် မြန်မာပြည်သူများအကြား တွင်လည်းကောင်း၊ တော်လှန်ရေးအသိုင်းအ၀ိုင်းအကြားတွင်လည်းကောင်း ပြင်းပြင်းထန်ထန် ဝေဖန်နေကြပြီး လေးဖြူ သီချင်းများကို နားမထောင်ကြရန်နှင့် အားမပေးကြရန် စည်းရုံး တိုက်တွန်း လှုပ်ရှားနေကြသည်။

အဆိုတော် လေးဖြူ ၏ လှောင်ပြောင်မှုအပေါ် ရုပ်ရှင်မင်းသား မင်းမော်ကွန်းက ပြည်သူကျွေးသည့်ထမင်းကို စား၍ ပြည်သူ ဒုက္ခရောက်ချိန်တွင် ပြည်သူ့ဘက်မှ မရပ်တည်မှုအပေါ် လူမှုကွန်ရက်နှင့် မှတ်ချက်များမှတစ်ဆင့် ဝေဖန်ပြောဆိုထားသည်။

“တစ်သက်လုံးလေးစားအားပေးထားသမျှဗျာ။ ခင်များကိုချစ်လိုက်ရတာ ခုတော့။ ၈တန်းကျောင်းသားထဲကခင်များကိုချစ်ခင်လေးစားခဲ့တာပါဗျာ ကိုလေးဖြူရာ။ ငါတို့အားလုံးက international superstar တွေမဟုတ်ကြဘူးမြန်မာပြည်သူတွေကျွေးတဲ့ထမင်းစားပြီးနာမယ်ကြီးခဲ့ကြတာ အခု ငါတို့ပြည်သူတွေဒုက္ခရောက်တဲ့အချိန် ရပ်တည်ဖို့လိုတာကွ”ဟု ရုပ်ရှင်မင်းသား မင်းမော်ကွန်းက ဝေဖန်ပြောဆိုထားသည်။

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ကမူ လွမ်းလောက်လို့လား အမည်ဖြင့် ကဗျာတစ်ပုဒ်ကို ယနေ့ လူမှုကွန်ရက်တွင် ရေးသားထားပြီးအဆိုပါကဗျာတွင် “ပြည်သူအတွက်အသက်ပေးသွားတဲ့သူ တယောက်ထက်…ပြည်သူကိုကျောခိုင်းသွားတဲ့ အနုပညာရှင်တယောက်က ပိုပြီးလွမ်းလောက်တယ်လို့ ထင်နေလို့လား….
အားလုံးကသမိုင်းကိုယ်စီနဲ့ပဲလေ… လွမ်းနေရရုံမက ကြေကွဲတသနေစရာတွေ…. နာကျည်းဖောက်ထုတ်ပစ် ရန်သူစစ်စစ်လို့စည်းခြားရမည့်အရာတွေ…ခေတ်ရဲ့သယံဇာတတွေပဲပေါ့” ဟု ရေးဖွဲ့ထားသည်။

TNLA ၏ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူးချုပ်တာဘုန်းကျော်က ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)၏ ကဗျာကို ပြန်လည်မျှဝေရင်း “ဆရာ့ကဗျာကြောင့် အလင်းပွင့်ရပါတယ်။ တကယ်မလွမ်းလောက်တော့ပါ…ငယ်ငယ်ကတည်းက လည်ချောင်းကွဲမတတ်အော်ခဲ့တာကို နှမျော….” ဟု မှတ်ချက်ပြုထားသည်။

အဆိုတော်လေးဖြူ၏ ဒိုင်ယာရီ သီချင်းအယ်လ်ဘမ်ထဲမှ “ရေမျောကမ်းတင်” သီချင်းကို ရေးစပ်ခဲ့သူ ကိုမိုဃ်းသွေးက ၎င်းရေးစပ်ထသား သီချင်းကို အဆို တော် လေးဖြူအနေဖြင့် မည်သည့်ပွဲမှ မသီဆိုရန် တားမြစ်ကြောင်း၊ထိုသို့ တားမြစ်မှုသည် BC ၏ အဓိပ္ပာယ်ကို နားလည်ရန်ဖြစ်ကြောင်း ၊ သီချင်းရေးစပ်သူ၏ ခွင့်ပြုချက်မပါဘဲ သီချင်းကို သီဆိုပါက တစ်ချိန်ချိန်တွင် ဥပဒေကြောင်းအရ တရားစွဲမည်ဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ရေးသားထားသည်။

“လေးဖြူက BC ဆိုတာကို နားမလည်ဘူးလို့ လှောင်ပြောင်ပြောဆိုလာတော့ နားလည်အောင်လုပ်ပေးဖို့ တာဝန်တခုရှိလာပါတယ်…ကိုလေးခင်ဗျား။ BC ဆိုတာ boycott သပိတ်မှောက်ခြင်းပါ။ မတရားမှုကျူးလွန်သူတွေ အဲ့ဒီသူတွေကို သွယ်ဝိုက်ဖြစ်စေ တိုက်ရိုက်ဖြစ်စေ အားပေးထောက်ခံတဲ့သူတွေကို မတရားခံရတဲ့သူတွေက ပယ်ကျဉ်ခြင်း၊ မပူးပေါင်းခြင်းစတဲ့ ဆန့်ကျင်မှုတွေလုပ်ခြင်းပါပဲ… ကိုလေးအနေနဲ့ စစ်တပ်နဲ့မပတ်သက်တဲ့ ဆိုင်တွေပွဲတွေမှာ သီဆိုတာကို အနုပညာသမားတယောက်ရဲ့လွတ်လပ်ခွင့်အရ ကန့်ကွက်စရာမရှိပေမယ့် စစ်အုပ်စုနဲ့အပေါင်းအပါတွေကို ပြည်သူလူထုက ဘဝတွေအသက်တွေရင်းပြီး ရရာနည်းနဲ့ဆန့်ကျင်တော်လှန်နေကြတဲ့ သပိတ်မှောက်ခြင်း Boycott BCကို လှောင်ပြောင်ပျက်ရယ်ပြုတာကတော့ လက်ခံလို့မရတဲ့ကိစ္စတခုဖြစ်သွားပါပြီ… ဒါကြောင့် BC ဆိုတာကို နားလည်အောင် ကျနော်ကပဲစလို့ ကိုလေးကို လက်တွေ့ ပြသပေးပါရစေ…။ ကျနော်ရေးစပ်ထားပြီး ဒိုင်ယာရီအယ်လ်ဘမ်ထဲမှာ ကိုလေးဖြူသီဆိုထားတဲ့ “ရေမျောကမ်းတင်” သီချင်းကို ဘယ်ဖျော်ဖြေပွဲမှာမှ မသီဆိုတော့ဖို့ စိတ်မကောင်းစွာနဲ့ လေးနက်စွာ တားမြစ်ကြောင်း အသိပေးကြေညာအပ်ပါတယ်… ကျနော့်ခွင့်ပြုချက်မပါဘဲ တနေရာရာမှာ သီဆိုခဲ့ရင် တချိန်ချိန်မှာ ဥပဒေကြောင်းအရ တရားစွဲဆိုမှာဖြစ်ကြောင်းလည်း တပါတည်းအသိပေးပါရစေ…” ဟု ကိုမိုဃ်းသွေးက လူမှုကွန်ရက်မှတစ်ဆင့် ကြေညာထားသည်။

အဆိုတော်လင်းလင်း အပါအဝင် တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်နေသော အနုပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများအပြင် ပြည်သူများကလည်း အဆိုတော်လေးဖြူ၏ ရပ်တည်ချက်အတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုကြပြီး နောက်နောင် မည်သည့်အခါမှ အားမပေးတော့ဟု ကတိပြုမှုများ၊ သီချင်းများကို နားမထောင်ကြရန် တိုက်တွန်းမှုများကို ဖေ့ဘုတ်စ်နှင့် တယ်လီဂရမ် လူမှုကွန်ရက်များတွင် ဖြန့်ဝေနေကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article