30 C
Yangon

ရှမ်းမြောက်နှင့်မိုးကုတ်ရှိ ဌာနဆိုင်ရာရုံးများ၊ ရဲစခန်းများနှင့် တပ်စခန်းများမှ ဆုတ်ခွာလျှင် အရေး ကြီး စာရွက်စာတမ်းနှင့် လက်နက်ခဲယမ်းများကို ဖျက်ဆီးခဲ့ရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြား

Must read

ရန်ကုန်၊ ဇူလိုင် ၉

လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ နောင်ချို အပါအဝင် ရှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့မှ ဌာနဆိုင်ရာ ရုံးများ၊ ရဲစခန်းများနှင့် တပ်ရင်းဌာနချုပ်များမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် မဖြစ်မနေ ဆုတ် ခွာရမည်ဆိုပါက အရေးကြီးစာရွက်စာတမ်းများနှင့် လက်နက်ခဲယမ်းများကို ဖျက်ဆီးခဲ့ရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။

“စစ်ဘက်နှင့် အရပ်ဘက်များအနေဖြင့် ရုံး၊ တပ်ရင်းတပ်ဖွဲ့၊ စခန်းကို ထွက်ခွာ (ဆုတ်ခွာ)လျှင် အရေးကြီးသော စာရွက်စာတမ်းများ၊ လက်နက်ခဲယမ်းများကို မဖြစ်မနေ (မဖြစ်မနေ) ဖျက်ဆီးကြရန် အကြောင်းကြားအပ်သည်” ဆိုသော စစ်ကောင်စီ၏ အရေးပေါ် ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လတ်တလော စစ်ကောင်စီ၏ ဌာနဆိုင်ရာ ရုံးများ၊ ရဲစခန်းများမှ ရဲတပ်ဖွဲ့ဝင်များနှင့် Non-CDM ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ နယ်မြေခံ တပ်မှူးများ၊ တပ်ရင်းတပ်ဖွဲ့များ၏ လုံခြုံရေးဆိုင်ရာ အမိန့်နှင့် ညွှန်ကြားချက်များကို မပျက်မကွက် လိုက်နာရန်၊ လုံခြုံရေး အရ စိတ်ချရမှု မရှိလျှင် ဌာနနှင့်ရုံးများကို စွန့်ခွာကြရန်၊ စွန့်ခွာရန်တွင်လည်း အရေးပေါ် ညွှန်ကြားချက်ဖြစ်သော စာရွက်စာတမ်းများကို ဖျက်ဆီးခဲ့ရန် ထပ်ဆင့် အသိပေး အကြောင်းကြားပါကြောင်း စစ်ကောင်စီ၏ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လုံခြုံရေးအရ စိတ်ချရမှု မရှိသော အခြေအနေမျိုးတွင် ခရီးသွားခြင်း၊ ခွင့်ယူခြင်း၊ သက်ဆိုင်ရာ စစ်တပ် နယ်မြေခံ တပ်ဖွဲ့များ၏ အကြံပြုချက် ရယူခြင်းမရှိဘဲ ထိန်းချုပ်ဧရိယာ ပြင်ပသို့ ခရီးသွားလာခြင်းများကို အထူးရှောင်ကြည်ရန်၊ အကယ်၍ ညွှန်ကြားချက်ကို မလိုက်နာဘဲ ခရီးသွားခဲ့ပါက ဖြစ်ပေါ်လာသော ပြဿနာများကို သက်ဆိုင်ရာဝန်ထမ်း၏ တာဝန်သာဖြစ်ပြီး ဌာနဆိုင်ရာ၏ အရေးယူမှုကိုပါ ခံရမည်ဖြစ်ကြောင်း စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တပ်များအကြား မိုးကုတ်၊ ကျောက်မဲ၊ လားရှိုး၊ သီပေါ၊ နောင်ချို၊ မိုးမိတ်တို့တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ရှိပြီး မြောက်ပိုင်းမဟာမိတ်တပ်များက ဌာနဆိုင်ရာရုံး၊ ရဲစခန်းနှင့် တပ်ရင်းတပ်ဖွဲ့များကို တိုက်ခိုက်သိမ်းပိုက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – နောင်ချိုမြို့တွင် တော်လှန်ရေးတပ်များက သိမ်းပိုက်ထားသော စစ်မှုထမ်းဟောင်းရုံး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

နောင်ချိုမြို့တွင် တော်လှန်ရေးတပ်များက သိမ်းပိုက်ထားသော စစ်မှုထမ်းဟောင်းရုံး။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article