Breaking News- ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေ၊ CEO ဦးဘမောင်စိန် အပါ အဝင် ဒါရိုက်တာ ၉ ဦးကို ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီးစစ်ဆေးနေပြီး Yoma Bank အပိတ်ခံရဖွယ် အခြေအနေ ကြုံလာနိုင်
ရန်ကုန်၊ ဇူလိုင် ၁၀
အကြမ်းဖက်စစ်ကောင်စီက ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေ၊ CEO ဦးဘမောင်စိန် အပါအဝင် ဒါရိုက်တာ ၉ ဦးကို ငွေကြေးခဝါချမှုဖြင့် စစ်ဆေးနေပြီး Yoma Bank ပိတ်သိမ်း ၊ဖျက်သိမ်းခံရသည့် အခြေအနေအထိ ကြုံလာနိုင်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ဇွန်လဆန်းပိုင်းမှစတင်ပြီး ရိုးမဘဏ် ဥက္ကဋ္ဌ ဦးသိမ်းဝေ၊ CEO ဦးဘမောင်စိန် အပါအဝင် ဒါရိုက်တာ ၉ ဦးကို စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း၊ အဓိကအားဖြင့် စစ်ဆေးရာတွင် ဘဏ်၏ Capital ထက်ပိုမိုသော ငွေကြေးများ ပါ ဝင် နေခြင်းကြောင့် စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“လတ်တလော သိထားသလောက်တော့ ဘဏ် Capital ထက် လှည့်ပတ်သုံးစွဲနေတဲ့ ငွေတွေ၊ ချေးငွေတွေက များ နေတာ၊ နောက်တစ်ခါ ဗဟိုဘဏ်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာတာ၊ ခွင့်ပြုချက်မယူဘဲ၊ လုပ်ခွင့်မရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စတွေမှာပါ ရင်းနှီးမြှုပ်နှံတာ။ အလွယ်ဆုံးပြောရရင်တော့ ငွေမည်းကို ငွေဖြူလျှော်တာပေါ့။ အဲဒီဖြစ်စဉ်မျိုး ၂၀၀၃ ခုနှစ်တုန်းက မေဖလားဝါးဘဏ်နဲ့ အာရှဓနဘဏ်တို့ကို စစ်ဆေး အရေးယူမှုမျိုးတွေဖြစ်ခဲ့ဖူးတယ်။ အခုလည်း အမှန်တကယ် အရေးယူမယ်ဆိုရင် Yoma ဘဏ်ကို ပိတ်တဲ့အထိ အရေးယူမလား၊ ဘယ်လို ဆက်ဖြစ်မလဲ ဆိုတာကတော့ စောင့်ကြည့်ရမယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိ သိရှိထားသော သတင်းများအရ ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေကို စစ်တပ်က စစ်ဆေးစဉ် အသာတကြည် အစစ်အဆေးမခံသဖြင့် ရိုက်နှက်ညှဉ်းပန်းမှုများရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း၊ ကျန်ရှိသော ဒါရိုက်တာများလည်း ဖမ်းဆီး စစ်ဆေးခံနေရဆဲဖြစ်ကြောင်း သိရှိရသည်။
ရိုးမဘဏ်ကို ၁၉၉၃ ခုနှစ် မေလတွင် ဦးသိမ်းဝေ၏ FMI ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီမှ စတင်တည်ထောင်ခဲ့ပြီး ယခုအခါ မြို့ပေါင်း ၄၃ ခုတွင် ဘဏ်ခွဲပေါင်း ၈၅ ခုဖွင့်လှစ်ထားကြောင်း သိရှိရသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုများကို အရေးယူတိုက်ဖျက်ရန် မလုပ် ဆောင်ခြင်း၊ အကြမ်းဖက်မှုနှင့်ပတ်သက်သော ငွေကြေးကိစ္စများကို အရေးယူမှုများ မလုပ် ဆောင်ခြင်း၊ FATF အဖွဲ့ကြီးက ချမှတ်ထားသော စည်းမျဉ်းစည်း ကမ်း ဘောင် များအတိုင်း လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ အရေးယူ လုပ်ဆောင်ရမည် များနှင့်ပတ်သက်၍ တိုးတက်မှုရှိအောင် မဆောင်ရွက်ခြင်း များကြောင့် ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ဘဏ္ဍာရေးများတွင် ပါဝင်ပတ်သက်သော အမည်ပျက်နိုင်ငံအဖြစ် ကမ္ဘာ့ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) က ကြေညာခဲ့သည်။
ဓာတ်ပုံ- ရိုးမဘဏ်ပိုင်ရှင် ဦးသိမ်းဝေ၊ CEO ဦးဘမောင်စိန်နှင့် ရန်ကုန်ရိုးမဘဏ်ပင်မရုံး။