■ ရိုးမဘဏ်ဘက်က အပ်နှံငွေများ ပြန်မထုတ်ပေးနိုင်သည့် အကြောင်းအရင်းကို ဖြေကြားခြင်းမရှိ
ရန်ကုန်၊ ဇူလိုင် ၁၁
မြန်မာနိုင်ငံတစ်ဝန်း ရိုးမဘဏ်ခွဲများတွင် ယနေ့ ငွေထုတ်ယူသူများ အလွန်များပြားခဲ့ပြီး ငွေထုတ်သူများကိုလည်း ငွေကျပ် ၂ သိန်းမှ ၅ သိန်းအထိသာ ထုတ်ပေးကြောင်း၊ တချို့ဘဏ်ခွဲများတွင် ငွေလုံး၀ ထုတ်မပေးနိုင်ဘဲ နောက်နေ့မှ ပြန်လာရန် ပြန်လွှတ်နေကြောင်း ငွေထုတ်ယူသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ရိုးမဘဏ် ဥက္ကဋ္ဌ ဦးသိမ်းဝေနှင့် ဒါရိုက်တာများကို ငွေကြေးခဝါချမှုဖြင့် စစ်ကောင်စီက ဖမ်းဆီး အရေးယူရန် ရှိနေကြောင်း Khit Thit Media က သတင်းဖော်ပြခဲ့ပြီး အဆိုပါသတင်းကို ရိုးမဘဏ်ဘက်က မဟုတ်မှန်သော သတင်းအမှားအဖြစ် ယမန်နေ့ည သန်းခေါင်ယံတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယနေ့ တွင် နိုင်ငံတစ်ဝန်း ရိုးမဘဏ်ခွဲများတွင် ငွေထုတ်သူများ များပြားခဲ့ပြီး ရိုးမဘဏ်ဘက်က လာရောက်ထုတ်ယူသူများကို ငွေအပြည့်မပေးနိုင်ဘဲ အပ်နှံငွေ လာထုတ်သူ တစ်ဦးလျှင် ၂ သိန်းမှ ၅ သိန်းသာ ထုတ်ပေးနိုင်ကြောင်း၊ ငွေလာထုတ်သူတချို့ကိုလည်း ငွေကုန်ပြီဖြစ်၍ နောက်နေ့မှ ပြန်လာပါဆိုဟုဆိုကာ ပြန်လွှတ်မှုများရှိနေကြောင်း သိရှိရသည်။
“ဒီနေ့ ရိုးမဘဏ် Time City မှာ ငွေ သိန်း ၅၀ သွားထုတ်တာ ၂ သိန်းပဲပေးတယ်။ အခြားရိုးမဘဏ်ခွဲတွေမှာ သွားထုတ်တော့လည်း ၂ သိန်းထုတ်ပြီးသားမို့ မရတော့ဘူးတဲ့။ နောက်နေ့လည်း လာထုတ် ၂ သိန်းပေးမယ်လို့ပြောတယ်။ ဘာလို့ ငွေမပေးနိုင်ရတာလဲဆိုတာလည်း မေးတော့ မဖြေဘူး။ အလုပ်ရှုပ်ချင်ယောင်ဆောင်နေကြတယ်” ဟု ယနေ့ ရန်ကုန်မြို့တွင် ငွေသွားရောက် ထုတ်ယူခဲ့သူတစ်ဦးက ရှင်းပြသည်။
မော်လမြိုင်မြို့မှ ရိုးမဘဏ် အသုံးပြုသူတစ်ဦးကလည်း ယနေ့ ရိုးမဘဏ်က Special Account ကို ငွေကျပ် ၂ သိန်းသာ ထုတ်ပေးကြောင်း ပြောဆိုသည်။
ရန်ကုန်မြို့၊ ရန်ကင်းရိုးမဘဏ်ခွဲမှ ငွေထုတ်ယူခဲ့သူတစ်ဦးကမူ Special Account အတွက် ငွေကျပ် ၅ သိန်းသာ ထုတ်ပေးကြောင်း၊ မနက်ဖြန်တွင် ထုတ်ပေးမည့် ငွေပမာဏကိုလည်း မသိရှိကြောင်း၊ လူများလျှင် ငွေပမာဏ အနည်းငယ်သာ ထုတ်ပေးနိုင်မည်ဟု ဘဏ်ဘက်က ပြောဆိုကြောင်း ရှင်းပြသည်။
“ရိုးမဘဏ်ဘက်က ကြေညာချက်ထုတ်ထားတယ်။ ဗဟိုဘဏ်ကလည်း Special Account က ထည့်ထားတဲ့ငွေသားတိုင်း ထုတ်လို့ရတယ်ပြောထားတယ်။ အဲဒါ ကျနော်အပ်နှံထားတဲ့ သိန်း ၁၀၀ ပြန်ထုတ်ဖို့ ကြိုးစားတာ ၅ သိန်းပဲပေးတယ်။ နေ့တိုင်းလာပါ။ နေ့တိုင်းထုတ်ပေးမယ်ပြောတယ်။ တုံကင်နံပါတ်ကလည်း ရာဂဏန်းတောင် ဖြစ်နေတာ။ အပ်နှံသူမရှိဘူး။ ငွေထုတ်သူတွေချည်းပဲ” ဟု ရန်ကင်းရိုးမဘဏ်ခွဲတွင် ငွေထုတ်ခဲ့သူက ပြောဆိုသည်။
ရန်ကုန်လှိုင်သာယာ ရိုးမဘဏ်ခွဲတွင် ငွေထုတ်ခဲ့သူကမူ Special Account အတွက် ငွေကျပ် ၃ သိန်းသာ ရရှိပြီး ရိုးမဘဏ် ATMများတွင် ငွေကုန်နေသဖြင့် ထုတ်မရခဲ့ကြောင်း ပြောဆိုသည်။
“ရိုးမဘဏ်ဘက်က ခေတ်သစ်က မဟုတ်မမှန်သတင်းလွှင့်တာပါလို့ ပြောပြီး ငွေထုတ်တာတော့ မယားငယ် ပေး ပေးနေတယ်။ ဗြောင်လိမ်နေတယ်” ဟု လှိုင်သာယာရိုးမဘဏ်ခွဲတွင် ငွေထုတ်ခဲ့သူကရှင်းပြသည်။
ပဲခူးမြို့ပေါ်ရှိ ရိုးမဘဏ်ခွဲများတွင် ငွေထုတ်သူများကလည်း ငွေထုတ်သူတစ်ဦးလျှင် ငွေကျပ် ၃ သိန်းသာ ထုတ်ပေးကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
Wave Money အကောင့်မှ ရွှေ့ပြီး ငွေထုတ်ရန် ကြိုးစားသူများမှာမူ ရိုးမဘဏ်က ငွေထုတ်ခွင့်မပြုကြောင်း သိရှိရသည်။
ယနေ့ ရိုးမဘဏ်ခွဲများတွင် ငွေထုတ်သူများက မည်သည့်အတွက်ကြောင့် ငွေထုတ်မရသနည်းဆိုသော မေးခွန်းကို ဘဏ်တာဝန်ရှိသူများကို မေးမြန်းခဲ့သော် လည်း ဘဏ်ဘက်က ငွေကုန်နေ၍ဟုသာ ပြောဆိုပြီး ထပ်မံ၍ တစ်စုံ တစ်ရာ မှတ်ချက်ပြု ဖြေဆိုခြင်းမရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ – ရန်ကုန်ရှိ ရိုးမ မြေနီကုန်းဘဏ်ခွဲ။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar