ရန်ကုန်၊ ဇူလိုင် ၁၆
မွန်ပြည်နယ်၊ ကျိုက်မရောထောင်တွင် နိုင်ငံရေး အကျဉ်းသား ၅ ဦးကို ထောင်အာဏာပိုင်များက အကြောင်းမဲ့ ရိုက်နှက် တိုက်ပိတ်ထားပြီး ထောင်တွင်း ပုဒ်မ များစွာဖြင့် အမှုရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM) မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၁၅ ရက်နေ့တွင် မွန်ပြည်နယ် ညွန်ကြားရေးမှူး ဇော်မင်းအောင်၏ ညွှန်ကြားချက်ဖြင့် ကျိုက်မရော အကျဉ်းထောင်မှ နိုင်ကျဉ်းများကို ဒိုက်ဦးအကျဉ်းထောင်နှင့် သာယာဝတီအကျဉ်းထောင်များကို ထောင်ပြောင်း ပို့ဆောင်ခဲ့ပြီး ထောင်ပိုင်နှင့် ထောင်တာဝန်ရှိသူများကိုလည်း အပြောင်းအလဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထောင်ပိုင်အဖြစ် အကျဉ်းသားများအပေါ်ဖိနှိပ်ခြင်းနှင့်လာဘ်စားရာတွင် နာမည်ကြီးသည့် ချမ်းအေးကျော် သည် ကျိုက်မရောထောင်၏ ထောင်ပိုင်ဖြစ်လာပြီး ထောင်ပိုင်လေးအဖြစ် ကျော်ကျော်ဦး ၊ ဦးစီးမှူးအဖြစ် ကျော်ဇင်အောင် တို့မှ တာဝန်ယူ၍ နိုင်ငံရေး အကျဉ်းသားများကို ဖိနှိပ်လျက်ရှိကြောင်း သိရှိရသည်။
ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်း တန်းပိတ်ထားချိန်တွင် ဦးစီးမှူး ကျော်ဇင်အောင် ဦးဆောင်သည့် ဝန်ထမ်းအင်အား ၂၀ ခန့်သည် နိုင်ငံရေး အကျဉ်းသားများဖြစ်သည့် ကိုလွမ်းဝေအောင် (၁၉-စ)၊ ကိုအောင်ဇော်မင်း (၅၂ က)၊ ညီညီ (၅၂ က)၊ ကိုဇာနည်အောင် (၅၂ က)၊ ကိုနန္ဒအောင်လင်း (၅၀ ည) တို့ကို အင်အားသုံး၍ လာရောက်ခေါ်ဆောင်သွားကြောင်း သိရသည်။
ယင်းသို့ ခေါ်ဆောင်သွားပြီးနောက အကျဉ်းဦးစီးဘက်မှ ခိုင်မာသည့် အကြောင်းပြချက်မပေးဘဲ အတင်း ဆွဲခေါ်ထုတ်ခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသားများက ပြန်လည် ရုန်းထွက်သဖြင့် လေးခွများ၊ နံပါတ်တုတ်များနှင့် ရိုက်နှက်၍ အတင်းအဓမ္မခေါ်ဆောင်သွားကာ လက်ရှိချိန်ထိ ခေါ်ဆောင်ရိုက်နှက်၍ တိုက်ပိတ်ခြင်း ခံထားရသည့် နိုင်ကျဉ်း(၅)ဦးကို ထောင်အာဏာပိုင်များမှ ထောင်ဝင်စာဧည့်တွေ့ခွင့်နှင့် ပါဆယ်ပို့ခွင့်ကို ပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် အဆိုပါ နိုင်ငံရေး အကျဉ်းသား ၅ ဦးကို ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မ၆(၁) ၊ လာရောက်ခေါ်ဆောင်ချိန်တွင် အသာတကြည်မလိုက်ဘဲ ခုခံသည်ဟုဆိုကာ ပုဒ်မ (၂၂၄) နှင့်တရားစွဲဆိုထားပြီး အခြား ပုဒ်မများဖြင့်လည်း မတရားအမှုဖွင့်ထားကြောင်း သိရသည်။
” ကျိုက်မရောထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေကို ဖိနှိပ်ဖို့အတွက် အကျဉ်းဦးစီးဌာနက လေးလစီမံချက် နဲ့ဆောင်ရွက်နေပြီး နိုင်ကျဉ်းတွေအပေါ်အမြဲ ဆဲဆိုဖိနှိပ်နေတာကိုပိုပြီးတွေ့လာရ ပါတယ်။ ညွန်ကြားရေးမှူး ဇော်မင်းအောင်၊ထောင်ပိုင် ချမ်းအေးကျော်နဲ့ ထောင်ပိုင်လေးကျော်ကျော်ဦးတို့က ထောင်ထဲမှာ စစ်ဆင်ရေးတစ်ရပ်လိုကို လုပ်ဆောင်လျှက်ရှိနေပါတယ်။ အထဲမှာ အရင်ကထက်ပိုပြီး ဖိနှိပ်ခံနေရပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM) မှ ကိုသိုက်ထွန်းဦးက ပြောဆိုသည်။
ဓာတ်ပုံ – ကျိုက်မရောအကျဉ်းထောင်။(ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar