■ ပြည်သူများ ရေသန့် ဗူးကြီး ၁ ဗူးကို ငွေကျပ် ၁၀၀၀၀ ပေး၍ ဝယ်သောက်နေရပြီး စားနပ်ရိက္ခာများ လိုအပ်နေ
ရန်ကုန်၊ ဇူလိုင် ၁၈
မကွေးတိုင်း၊ ကံမမြို့ပေါ်နှင့် ကျေးရွာများတွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ထောင်နှင့်ချီသော ပြည်သူများ ပိတ်မိနေပြီး ရဲနှင့် ထွေအုပ် ဝန်ထမ်းများက ခြေမျက်စေ့ လောက်သာ ရေဝင်သည့် ရပ်ကွက်များကို ဟန်ပြ ထောက်ပံ့ပြီး ဓာတ်ပုံရိုက်၍ ပြန်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၉ ရက်နေ့မှ စတင်ပြီး ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ကံမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများ ရေနစ်မြုပ်နေပြီး ထောင်နှင့်ချီသော ပြည်သူများ ပိတ်မိနေကာ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများက ခြေမျက်စေ့ လောက်သာ ရေဝင်သည့် ရပ်ကွက်များကို ဟန်ပြ ထောက်ပံ့မှုများ လုပ်ဆောင်ကာ ဓာတ်ပုံရိုက်၍ ပြန်သွားကြောင်း သိရသည်။
ကံမမြို့ပေါ် ရပ်ကွက်များဖြစ်သော အမှတ် ၄ ရပ်ကွက် ၊ အမှတ် ၃ ရပ်ကွက် ၊ အမှတ် ၂ ရပ်ကွက်နှင့် ကမ်းနားတန်း အမှတ် ၁ ကျောင်း မှော်ဦးရပ်တို့ ရေနစ်မြုပ်နေကြောင်း၊ ထို့ပြင် မြစ်ကမ်းဘေးရှိ ကျေးရွာများသည် ရေနစ်မြုပ်မှု ပိုမို ဆိုးဝါးပြီး နေအိမ် ခေါင်မိုး ပေါ်တွင် နေထိုင်သော မိသားစုများလည်းရှိပြီး ရေသန့် ဗူးကြီး ၁ ဗူးကို ငွေကျပ် ၁၀၀၀၀ ပေး၍ ဝယ်သောက်နေရကာ စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများက နိုင်ငံရေး အကြောင်းပြ၍ ဖမ်းဆီး ရိုက်နှက်မှုများကြောင့် ကယ်ဆယ်ရေး ပရဟိတအဖွဲ့များလည်း ရေနစ်မြုပ်နေသည့် ကျေးရွာများကို သွားရောက်ကူညီမှုများ မလုပ်ဆောင်ရဲကျကြောင်း သိရသည်။
“ကံမမြို့မှာ ရေဘေးဖြစ်နေပါတယ်။ မြို့ပေါ် ရေဘေး ဒုက္ခသည် ၁၀၄၈ ဦးရှိတယ်။ ကျေးရွာ လူဦးရေး စားရင်းမပါဘူး။ ကျောင်းပေါင်း ၂၀ ကျော် ရေမြုပ်လို့ ပိတ်ထားရတယ်။ အခုလက်ရှိ ရေဝင်နေတာက အမှတ် ၄ ရပ် ကွက် တစ်ခုလုံး၊ အမှတ် ၃ ရပ်ကွက်က တစ်၀က်ပဲ အမှတ် ၂ ရပ်ကွက် ကမ်းနားတန်း အမှတ် ၁ ကျောင်းမှော်ဦးရပ် အကုန်မြုပ်ပါတယ်။ ဇူလိုင်လ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့လောက်က စတက်တာ ဧရာဝတီမြစ်ရေပါ။ ၁၂ ရက်နေ့မှာ သိသိသာသာ တက်လာပဲ မြို့ပေါ် ကယ်ဆယ်ရေးက မီးသတ်တော့ရှိတယ်။ မြို့နယ်က ဟန်ပြပဲ မြို့ပေါ် ဒူးမမြုပ်တဲ့ ရပ်ကွက်တွေကို ကူညီပြ ပုံရိုက်တာပါ။ ကျေးရွာတွေမှာ အတော်ဆိုးပါတယ်။ ကမ်းနားတန်းရွာတွေပေါ့။ ကျေးရွာတွေ နစ်မြုပ်တာ တချို့အိမ်တွေ အပေါ်ထက်မှာ နေရပြီး ရေ ၁ ဗူး ဘူးကြီး ၁ ဗူးကို ၁ သောင်းပေး၀ယ် သောက်နေရတယ်။ တချို့ စားဖို့တောင်မရှိဘူး။ ကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေကလည်း မလုပ်ရဲကြဘူး။ စစ်တပ်က နိုင်ငံရေးအကြောင်းပြပြီး လှူတဲ့သူတွေကို ဖမ်းတာတွေ ရိုက်တာတွေရှိလို့ ပရဟိတအဖွဲ့တွေ မလှုပ်ရဲဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar