ရန်ကုန်၊ ဇူလိုင် ၂၃
အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၄ ရက်အတွင်း အရပ်သား ပြည်သူ ၁၅ ဦးသေဆုံးပြီး ၁ လနီးပါးကာလအတွင်း ပြည်သူ ၁၀၉ ဦးသေဆုံးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီ၏ ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ၄ ရက်အတွင်း လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်မဲနှင့် နောင်ချိုမြို့နယ်တို့တွင် အရပ်သား ၁၅ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကာ နေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။
ဇူလိုင်လ ၁၉ ရက်နေ့တွင်လည်း ကျောက်မဲမြို့ အင်ကြင်းတောင်အထက်တွင် စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အရပ်သား ၅ ဦးထိမှန်သေဆုံးသွားခဲ့ပြီး စာသင်ကျောင်းနှင့် နေအိမ် ၆ လုံး ပျက်စီးသွားခဲ့ကြောင်း၊ ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် ကျောက်မဲမြို့မှ ဒေသပြည်သူ ၄ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့်မောင်းနှင်လာစဥ် ဂိတ်စောင့်စစ်ကောင်စီတပ်က တားဆီးမေးမြန်းမှုမရှိဘဲ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ အရပ်သား ၄ ဦးလုံးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ သေဆုံးသွားသည့် ဒေသခံ ၄ ဦး၏ရုပ်အလောင်းများအား အခင်းဖြစ်ပွားရာ လမ်းဘေးတွင် စုပုံစွန့်ပစ်ထားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဇူလိုင် ၂၁ ရက်နေ့ ကျောက်မဲမြို့ရှိ နမ့်တုံရပ်နှင့် ရပ်ကွက် ၈ တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိပြီး အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးလက်နက်ကြီးစထိမှန်သေဆုံးပြီးသွားခဲ့ကြောင်း သိရှိရသည်။
အလားတူ ယမန်နေ့ ဇူလိုင်လ ၂၂ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်မဲမြို့နယ် နမ့်ဟူးတောင်းအထက်ကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် ၁ ဦးအပါအဝင် ဒေသပြည်သူ ၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရှိရသည်။
ထို့အတူ နောင်ချို ရွှေပြည်ညွန့်လမ်းအနီး စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၂ ဦးဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်၊ နောင်ချိုမြို့နယ်၊ ရှောက်ခြုံကျေးရွာနှင့် ကံကြီးကျေးရွာတို့တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ၃ ဦးသေဆုံးပြီး နေအိမ် ၃ လုံးထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
ဇွန်လ ၂၅ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၈ ရက်အတွင်းတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁၀၉ ဦးသေဆုံးပြီး ၁၃၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




