ရန်ကုန်၊ ဇူလိုင် ၂၄
မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်မည့် မြန်မာနိုင်ငံသား ၈၄ ဦးကို ထိုင်းနိုင်ငံတွင် ဖမ်းဆီးရရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသည်။
ဇူလိုင်လ ၂၃ ရက်နေ့ ထိုင်းနိုင်ငံ၊ Phetchaburi ခရိုင်၊ Nong Ta Chao ကျေးရွာရှိ နေအိမ်တစ်လုံးတွင် မြန်မာအမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၉ ဦးနှင့် ကလေး ၂ ဦးတို့ကို ဖမ်းဆီးရရှိကြောင်း၊ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၈၄ ဦးက မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ရန် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ငါးသောင်းမှ ခြောက်သောင်းအကြား ပေးခဲ့ရကြောင်း၊ ထိုင်းနိုင်ငံ၊ တာ့ခရိုင် မဲဆောက်မြို့မှတစ်ဆင့် မီနိဘတ်စ် ၃ စီးဖြင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ထောဖာဖူမြို့နယ်ရှိ ဗန်ဂျီရာလောင်ကွန်း ဆည်အနီး လှိုဏ်ဂူအတွင်း ပုန်းအောင်းနေသည့် တရားမဝင် နယ်စပ်ဖြတ် ကျော်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၈၃ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရရှိကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနက သတင်းဖော်ပြသည်။
လှိုဏ်ဂူအတွင်း ပုန်းအောင်းနေသည့် မြန်မာနိုင်ငံသားများအတွက် အစားအသောက်များ ပို့ဆောင်နေမှုကို ထိုင်းအာဏာပိုင်များက မသင်္ကာ၍ ခြေရာခံရာမှ မြန်မာနိုင်ငံသား ၈၃ ဦးကို ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar