25 C
Yangon

လားရှိုးရှိ UWSA ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန် “၀” တပ်ဖွဲ့များ ဝင်ရောက်လာ၊ အားလုံးကို ကြိုတင်ညှိနှိုင်းပြီး ဝင်ရောက်ခြင်းဖြစ်ပြီး လားရှိုးတိုက်ပွဲများတွင် မည်သည့်ဘက်မှ ဝင်ပါမည်မဟုတ်ဟုဆို

Must read

လားရှိုးရှိ UWSA ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန် “၀” တပ်ဖွဲ့များ ဝင်ရောက်လာ၊ အားလုံးကို ကြိုတင်ညှိနှိုင်းပြီး ဝင်ရောက်ခြင်းဖြစ်ပြီး လားရှိုးတိုက်ပွဲများတွင် မည်သည့်ဘက်မှ ဝင်ပါမည်မဟုတ်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းရှိ UWSA ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန် “၀” တပ်ဖွဲ့များ မြို့အတွင်းဝင်ရောက်လာမှုမှာ မှန်ကန်ပါကြောင်း UWSA၏ ပြင်ပဆက်ဆံရေးအရာရှိ ဦးညီရမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ညပိုင်း UWSA တပ်မှ အင်အား ရာချီ၍ လားရှိုးမြို့အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ “၀” တပ်မတော် ၏ အလံများ လွှင့်တင်၍ စစ်ကားများဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ လားရှိုးတိုက်ပွဲတွင် မည်သည့်ဘက်မှ ပါဝင်မည်မဟုတ်ကြောင်း သိရှိရသည်။

“လားရှိုးမြို့ရှိတိုင်းရင်းသားပေါင်းစုံများရဲ့ လိုလားချက်အရ လားရှိုးမြို့နယ်ရှိ ကျ​နော်တို့ ပြင်ပဆက်ဆံရေးရုံးများနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက် “ဝ”ပြည်နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ၂၇ရက်နေ့ ညက လားရှိုးမြို့သို့ တရားဝင် ဝင်ရောက်ခဲ့တာ မှန်ပါတယ်။ မြို့သို့ မဝင်မီတွင် တိုက်ပွဲဖြစ်ပွားနေတဲ့ အဖက်ဖက်တို့ကို အကြောင်းကြားခဲ့ပြီး ၎င်းတို့၏သဘောတူညီချက်နှင့် အဆင်ပြေစွာဝင်ရောက်ခဲ့တာဖြစ်တယ်။ လားရှိုးမြို့တွင် တပ်စွဲထားတဲ့ကျ​နော်တို့ “ဝ”လုံခြုံရေးတပ်ဖွဲ့ဝင်များအ​နေဖြင့် တိုက်ပွဲဖြစ်ပွားနေတဲ့ အဖက်ဖက်တို့ကို ဝင်ရောက်စွက်ဖက်ခြင်း၊ ပူးပေါင်းခြင်းနဲ့ ပံ့ပိုးပေးခြင်းများ လုပ်ဆောင် မှာမဟုတ်ပါ။ လားရှိုးမြို့နှင့် တစ်နိုင်ငံလုံးငြိမ်းချမ်း‌‌‌ရေးအမြန်ဆုံးရဖို့ကို “ဝ”ပြည်နယ်ကမျှော်လင့်ပါတယ်” ဟု ဦးညီရမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင်MNDAA တပ်များက လားရှိုးမြို့နယ်ကို သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့တွင် ကြေညာခဲ့ပြီး လားရှိုးမြို့ အုပ်ချုပ်ရေးကော်မတီ ဖွဲ့စည်းကာ အုပ်ချုပ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

လားရှိုးရှိ MNDAA ၏ ရှေ့တန်းမြေပြင်တပ်ဖွဲ့ဝင်တစ်ဦးကမူ UWSA တပ်ဖွဲ့ဝင်များ လားရှိုးမြို့အတွင်းသို့ ဝင်ရောက်လာမည်ကို ကြိုတင်သိရှိထားပြီး UWSA နှင့် MNDAA တို့သည် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ များဖြစ်ကြောင်း ပြောဆိုသည်။

“ကျနော်တို့ကို ကြိုတင် အကြောင်းကြားမှုရှိပါတယ်။ UWSA က မဟာမိတ်တပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်” ဟု MNDAA ၏ ရှေ့တန်းမြေပြင်တပ်ဖွဲ့ဝင်က ရှင်းပြသည်။

ဓာတ်ပုံ- UWSA တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Getty Image။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article