ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ်မြို့ တိုက်ပွဲများ အတွင်း စစ်သုံ့ပန်း ၂၀ ဦးနှင့် လက်နက် ၇၀ ကျော် ဖမ်းဆီးရမိ
ရန်ကုန်၊ ဇူလိုင် ၂၉
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ မိုးမိတ်မြို့နှင့် မန္တလေးတိုင်း ၊ မိုးကုတ်မြို့တို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ထံမှ လက်နက် ၇၀ ကျော်နှင့် စစ်သုံ့ပန်း ၂၀ ဦး သိမ်းဆည်းဖမ်းဆီးရမိခဲ့ကြောင်း TNLA က ပြောဆိုသည်။
ကျောက်မဲမြို့တွင် တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တပ်မ ၁၁ ၊ ခမရ ၅၀၁ တပ်စခန်းမှ လက်နက် ၃၇ လက်နှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရမိထားသည့် လက် နက်များမှာ MA1 ၉ လက်၊ MA2 ၂ လက်၊ MA3 ၁၅ လက်၊ MA11 ၆ လက်၊ M22 ၁ လက်၊ RPG ၁ လက်၊ ၄၅ မမ ၁ လက်၊ ၆၀မမ ၁ လက်၊ Pistol ၁ လက် အပြင် စကားပြောစက်၊ ကျည်ဆံနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဖြူရောင်ကုန်းမှ ထွက်ပြေး လွတ်မြောက်သွားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တအာင်းတပ်မတော် TNLA က လိုက်လံရှင်းလင်းရာ စစ်သုံပန်း ၂၀ ဦး ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း ၂၃ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့တွင်လည်း လက်ကျန် အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းများကို တအာင်းတပ်မတော် TNLA က လိုက်လံ ရှင်းလင်းရာ အကြမ်းဖက် စစ်ကောင်စီတပ်၏ လုံခြုံရေးကုန်းမှ သေနတ် ၈ လက်၊ RPG ၁ လက်၊ ငါးကျည်းမြှီး ၁ လက်၊ ၆၀ မမ ပြောင်းတို ၁ လက်၊ ၆၀မမ ပြောင်းရှည် ၁ လက်၊ ၈၁ မမ နောက်ပွင့် ၁ လက် စုစုပေါင်း ၁၃ လက် သိမ်းဆည်းရမိထားကြောင်း သိရှိရသည်။