ရန်ကုန်၊ ဇူလိုင် ၃၀
ရန်ကုန်မြို့တွင် စက်သုံးဆီများ စတင်ပြတ်လပ်ပြီး ဆီဆိုင်များတွင် ကားများ တန်းစီ၍ ဆီဝယ်ယူရမှုများရှိနေကြောင်း ရန်ကုန်မြို့မှ တက္ကစီယာဉ်မောင်းများနှင့်ကိုယ်ပိုင်ကားပိုင်ရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ ရန်ကုန်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် 92 ဓာတ်ဆီနှင့် 95 ဓာတ်ဆီ ကုန်နေပြီ ဆိုသော အခြေအနေများ စတင်ကြုံတွေ့လာရကြောင်း၊ ယမန်နေ့ညပိုင်း ဆီဆိုင်တချို့တွင် တန်းစီ၍ ဆီဖြည့်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် ဆီဆိုင်များတွင် စက်သုံးဆီအားလုံး ဝယ်ယူ၍ ရရှိခဲ့သော်လည်း ယခု မွန်းလွဲပိုင်းတွင် တန်းစီ၍ ဆီဝယ်ယူရမှုများရှိလာကြောင်း၊ ဆီဆိုင်တချို့တွင် အကန့်အသတ်ဖြင့်သာ ဓာတ်ဆီရောင်းချပေးနေကြောင်း သိရှိရသည်။
“အခု ဆိုင်တော်တော်များမှာ ကားတွေ ပြန်တန်းစီနေရတယ်။ Max ဆီဆိုင်တချို့မှာ ဓာတ်ဆီပြတ်သွားတယ်။ ဒီဇယ်ပဲရတယ်။ လှိုင်က မြတ်မေတ္တာမွန်မှာ ဆီအားလုံးရပေမယ့် ကားတစ်စီးကို ၃ သောင်းဖိုးပဲ ရောင်းပေးတယ်။ ကမ္ဘာအေး New Day မှာလည်း ကားတွေ တန်းစီနေတယ်” ဟု ရန်ကုန်မှ တက္ကစီယာဉ်မောင်းတစ်ဦးက ဆိုသည်။
အမေရိကန်ဒေါ်လာမှာ တစ်ဒေါ်လာလျှင် ငွေကျပ် ၅၃၀၀ ကျော် အထိမြင့်တက်လာချိန် စစ်ကောင်စီက စက်သုံးဆီ တင်သွင်းရန် လိုအပ်သော အမေရိကန်ဒေါ်လာများကို အပြည့်အ၀ ရောင်းချပေးခြင်းမရှိတော့ကြောင်း၊ ထို့ပြင် စက်သုံးဆီစျေးနှုန်းများကိုလည်း မြင့်တက်လာသော အမေရိကန်ဒေါ်လာတန်ဖိုးနှင့်အညီ လိုက်လံ တက်ပေးခြင်းမရှိဘဲ စစ်ကောင်စီသတ်မှတ် ဒေါ်လာငွေလဲနှုန်းဖြင့်သာ တွက် ချက် ရောင်းချမှုများ လုပ်ဆောင်နေသဖြင့် စက်သုံးဆီတင်သွင်းသူများ အခက်တွေ့နေရကြောင်း၊ လက်ရှိ သီလဝါတွင် စက်သုံးဆီ တင်သွင်းရန် အခက်အခဲ ဖြစ် ပေါ်နေပြီး ဆီမထုတ်ပေးနိုင်မှုများရှိနေကြောင်း သိရှိရသည်။
“အခု ဗဟိုဘဏ်က ဆီတင်သွင်းဖို့ ဒေါ်လာ ရောင်းမပေးနိုင်တော့ပြန်ဘူး။ ပြီးတော့ စက်သုံးဆီတွေကို ပြင်ပက ဒေါ်လာဝယ်ပြီး သွင်းလာတာကိုလည်း ဗဟိုဘဏ်သတ်မှတ် ဒေါ်လာစျေးနဲ့ ဆီစျေးနှုန်း သတ်မှတ်နေတာကိုလည်း မပြင်ပေးဘူး။ အပြင်မှာက ဒေါ်လာက တအားကို တက်နေတာ။ မုန့်လုံးကို စက္ကူကပ် ဒီပြဿနာပဲ ခဏခဏ ပြန်ပြန် ကျော့ပြီးဖြစ်နေတယ်။ ဒေါ်လာလည်း ရောင်းမပေးဘူး။ ရောင်းမပေးလို့ ပြင်ပပေါက်စျေးနဲ့ ဆီသွင်းတော့လည်း ဆီစျေးနှုန်းကို အနိမ့်စျေး သတ်မှတ်ထားတယ်။ အခု ဆီတွေ ထပ်ပြတ်လပ်နိုင်တယ်။ အခု သီလဝါမှာ စက်သုံးဆီတွေ လုံလုံလောက်လောက် ထုတ်မပေးနိုင်ပြန်ဘူး” ဟု စက်သုံးဆီတင်သွင်းသူတစ်ဦးက ပြောဆိုသည်။
လတ်တလော စက်သုံးဆီစျေးနှုန်းများမှာ 92 ဓာတ်ဆီ တစ်လီတာ ၂၆၃၀ ကျပ်၊ 95 ဓာတ်ဆီ တစ်လီတာ ၂၇၅၀ ကျပ် စစ်ကောင်စီက သတ်မှတ်ထားပြီး ယင်းစျေးနှုန်းဖြင့် ဆက်လက်ရောင်းချနေရသည့်အတွက် စက်သုံးဆီတင်သွင်းသူ များ အရှုံးပေါ်နေကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar