ရန်ကုန်၊ဩဂုတ် ၂
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ တရုတ်အစိုးရပိုင် China Nonferrous Metal Mining and Construction က ရင်းနှီးမြှုပ်နှံထားသော အမေရိကန်ဒေါ်လာ ၈၅၅ သန်းတန် တကောင်းနီကယ်စက်ရုံကို NUG ၏ PDF တပ်များက လုံခြုံရေးပေး သိမ်းပိုက်ရရှိထားကြောင်း NUG ဝန်ကြီးချုပ်ရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၅ ရက်နေ့တွင် ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာရှိ တကောင်းနီကယ်စက်ရုံ၏ တောင်ပေါ်လုံခြုံရေးကင်းစခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် စက်ရုံ လုံခြုံရေး ဂိတ်များလည်း စက်ရုံအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း၊ ယင်းနောက် တကောင်းနီကယ်စက်ရုံအတွင်းထဲရှိ စစ်ကောင်စီတပ်များက လက်နက်ချရန် ကမ်းလှမ်းလာခဲ့ကြောင်း၊ ယင်းနောက် ညှိနှိုင်းမှုများဖြင့် စစ်ကောင်စီတပ်များက လက်နက်ချ ထွက်ခွာခွင့်ရရှိရေး NUG ၏ PDF တပ်များက ဆောင်ရွက်ပေးခဲ့ကြောင်း ၊ ယင်းနောက် တကောင်းနီကယ်စက်ရုံကို သိမ်းပိုက်ခဲ့ကြောင်း၊ သို့ရာတွင် တရုတ်နိုင်ငံသားများနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးထားပြီး NUG နှင့် တရုတ်အကြား ဆွေးနွေါ်မှုများ ရှိနေကြောင်း သိရှိရသည်။
“ကျနော်တို့ စိုးမိုးထိန်းချုပ်နယ်မြေထဲမှာ ရှိနေပြီးတော့ ကျနော်တို့က လုံခြုံရေးယူပေးထားတယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ကိစ္စတွေကတော့ အသေးစိတ်ပြောလို့မရသေးဘူး။ ” NUG ဝန်ကြီးချုပ်ရုံး ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းပြသည်။
တကောင်း နီကယ်စီမံကိန်းကို တရုတ်အစိုးရပိုင် China Nonferrous Metal Mining နှင့် မြန်မာဖက်စပ်ကုမ္ပဏီ Myanmar CNMC Nickel က ၂၀၀၈ ခုနှစ်ကတည်းက စတင်လုပ်ကိုင်နေခြင်းဖြစ်သည်။ အဆိုပါစီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုတန်ကြေးသည် အမေရိကန်ဒေါ်လာ သန်း ၈၅၅ သန်း ရှိပြီး နှစ် ၂၀ ကြာ စာချုပ်ဖြင့် လုပ်ကိုင်နေသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဖြင့် ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။
“ကျနော်တို့ မြို့နယ် PDF တွေနဲ့ အခြားမြို့နယ် LPDF တွေက လုံခြုံရေးယူပေးတာကလွဲရင် ကျန်တဲ့ ဆွေးနွေးမှုတွေက ထိပ်ပိုင်းက လုပ်နေတာပါ။ မြေပြင်မှာတော့ ကျနော်တို့က လုံခြုံရေးယူပေးထားတယ်။ အားလုံးကို ဘေး မရှိစေဖို့နဲ့ လေယာဉ်တွေနဲ့ ဗုံးကျဲမှုတွေ မရှိစေဖို့ အဓိက ဆောင်ရွက်နေပါတယ်” ဟု ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လတ်တလော တကောင်းနီကယ်စက်ရုံသည် လည်ပတ်နိုင်ခြင်းမရှိဘဲ ရပ်ဆိုင်းထားကြောင်း၊ အသေးစိတ်အချက်အလက်များကို NUG နှင့် တရုတ်တို့၏ ဆွေးနွေးမှုကို အဓိက ဖြစ်ကြောင်း သိရှိရသည်။
တကောင်း နီကယ်စက်ရုံတွင် ကုန်ကြမ်းဌာန၊ သဲမီးဖိုဌာန၊ သတ္ထုရည်ကြိုဌာန၊ ဓာတ်ခွဲခန်းဌာန၊ လုံခြုံရေးဌာန၊ စားဖိုဌာန၊ စိမ်းလန်းဌာန၊ ကားကြီးဌာန စသည့် လုပ်ငန်းခွင်များ ရှိပြီး အလုပ်သမားပေါင်း ၁၂၀၀ ခန့်ရှိသောစက်ရုံကြီးတစ်ခုဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar