ရန်ကုန်၊ ဩဂုတ် ၈
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပမည့် BIMSTEC အစည်းအဝေးတွင် အကြမ်းဖက် စစ်ကောင်စီကို တက်ရောက်ခွင့်ပြုခြင်းသည် တရားဝင်မှု ပေးနေခြင်းဖြစ်ပြီး ပံ့ပိုးမှုများ အဆုံးသတ်ရမည်ဟု Justice for Myanmar က ပြောဆိုသည်။
နယူးဒေလီမြို့တော်တွင် ပထမကြိမ် ကျင်းပနေသည့် BIMSTEC Business Summit တွင် အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး ပါဝင်တက်ရောက်ခွင့် ပြုခြင်းသည် BIMSTEC နှင့် အိန္ဒိယနိုင်ငံသည် တရားမဝင်စစ်အုပ်စုကို တရားဝင်မှုပေးအပ်နေပြီး မြန်မာပြည်သူများအပေါ် ၎င်းတို့၏ အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ဘဏ္ဍာငွေရှာဖွေရန် စီးပွားရေးလုပ်ငန်းများနှင့် ထိတွေ့ဆက်ဆံနိုင်မည့် စင်မြင့်တစ်ခုကို ပေးခြင်းဖြစ်ပြီး မြန်မာစစ်အုပ်စုကို ပံ့ပိုးမှုများ အဆုံးသတ်ရမည်ဖြစ်ကြောင်း Justice for Myanmar က ပြောဆိုထားသည်။
အဆိုပါ အစည်းအဝေးတွင် အကြမ်းဖက်စစ်ကောင်စီက စီးပွားကူးသန်း ဒုဝန်ကြီး မင်းမင်း၊ အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထာသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံရေး ဦးစီးဌာန၏ မန်နေဂျင်းဒါရိုက်တာ တင်ဇော်မြင့်နှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ ကိုယ်စားလှယ်များကို အရှက်မဲ့စွာ ပွဲထုတ်ခဲ့ပြီး UMFCCI သည် အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံတကာ ရာဇဝတ်မှုများကို ငွေကြေးထောက်ပံ့နေမှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၃ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပြီးဖြစ်ကြောင်းလည်း Justice for Myanmar ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
BIMSTEC ၏ဆွေးနွေးပွဲတွင် ပံ့ပိုးကူညီနေသူများသည် မြန်မာစစ်တပ်ကို စစ်လက်နက်များနှင့် ပစ္စည်းများကို ထောက်ပံ့ကူညီထားသူများဖြစ်နေပြီး ထိုအထဲတနွင် မြန်မာစစ်တပ်ကို KWT-XP အမျိုးအစား တော်ပီဒိုဒုံးများ ရောင်းချနေသည့် Larsen & Toubro Ltd ပါဝင်ကြောင်း၊ အဆိုပါ လုပ်ငန်းစုသည် အိန္ဒိယ စတော့အိတ်ချိန်းစာရင်းဝင်သည့် စစ်လက်နက်ထုတ်လုပ်သူ လုပ်ငန်းစုကြီးတစ်ခုပင် ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှုနောက် ရက်ပိုင်းအကြာတွင် Larsen & Toubro Ltd သည် စင်္ကာပူကုမ္ပဏီခွဲမှတဆင့် အပိုပစ္စည်းအစုံလိုက်များနှင့် အချက်ပေးစောင့်ကြည့်မှုစနစ် တစ်ခုတို့ကို မြန်မာစစ်လက်နက်ပွဲစားကုမ္ပဏီ Star Sapphire Group ထံ ပေးပို့ခဲ့ကြောင်း အန္ဒိယ ပို့ကုန်မှတ်တမ်းများအရ သိရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အဆိုပါ စီးပွားရေးထိပ်သီးအစည်းအဝေးတွင် အိန္ဒိယရေနံနှင့်သဘာဝဓာတ်ငွေ့ ဝန်ကြီးဌာနအောက်ရှိ အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် India Oil Corporation Limited (IOCL) လည်း ပါဝင်ပြီး အဆိုပါ ကုမ္ပဏီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း အမေရိကန်ဒေါ်လာ ၁.၅ သန်းဖိုးရှိ ရေတပ်သုံးအဆင့်ဒီဇယ် အပါအဝင် အမေရိကန်ဒေါ်လာ ၃.၇ သန်းတန်ဖိုးကျော် လောင်စာဆီများကို မြန်မာနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှု ပထမ ၁၈ လအတွင်း ကုန်တင်ပို့ မှုအများစုသည် IOCL ၏ အင်ဂျင်ဆီနှင့် ချောဆီအမှတ်တံဆိပ် Servo မှ ထုတ်လုပ်သည့် အင်ဂျင်ဝိုင်၊ မော်တာ ဆီများ၊ ချောဆီများနှင့် ဘရိတ်အရည်များ ဖြစ်ကြောင်း၊ IOCL သည် မြန်မာနိုင်ငံသို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ တင်ပို့မှုများရှိနေကြောင်း Justice For Myanmar ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
IOCL ၏ Servo တံဆိပ် ပို့ကုန်အများစုကို လူသိများသည့် မြန်မာ့စစ်လက်နက်ပွဲစား Myanmar Chemical & Machinery (MCM) ကုမ္ပဏီထံ တင်ပို့ခဲ့ခြင်း ဖြစ်ပြီး MCM ကုမ္ပဏီနှင့် ဥက္ကဌဖြစ်သူ အောင်လှိုင်ဦးတို့အား အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် ယူကေတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပြီးဖြစ်ကြောင်း သိရှိရသည်။
ထို့ကြေင့် BIMSTEC အနေဖြင့် ရှက်ဖွယ်ကောင်းသည့် အကြမ်းဖက် မြန်မာစစ်အုပ်စုကို ပံ့ပိုးမှု အဆုံးသတ်ရမည် ဖြစ်ပြီး အိန္ဒိယလေတပ်နှင့် PSU များသည်လည်း တရားမဝင်မြန်မာ့စစ်အုပ်စုသို့ စစ်လက်နက်ပစ္စည်းများ၊ အခြေခံအဆောက်အဦးနှင့် လေ့ကျင့်သင်ကြားမှုများ ဆက်လက်ပေးနေမှုများရှိကြောင်းလည်း Justice for Myanmar ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar