မြိုင်နှင့် ပေါက်မြို့နယ်ရှိ စစ်ဘေးရှောင် ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး အသက် ၄ နှစ်နှင့် ၇ နှစ်အရွယ် ကလေးငယ်များ အပါအဝင် ပြည်သူ အများအပြား ပြင်းထန်ဒဏ်ရာရ
ရန်ကုန်၊ ဩဂုတ် ၉
မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်ရှိ စစ်ဘေးရှောင် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး အသက် ၄ နှစ်နှင့် ၇ နှစ်အရွယ် ကလေးငယ်များ အပါအဝင် ပြည်သူ အများအပြား ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေ တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၇ ရက်နေ့တွင် ပေါက်မြို့နယ် အရှေ့မြောက်ပိုင်း ဒေသနှင့် မြိုင်နယ် အနောက်တောင်ပိုင်း ဒေသရှိ စစ်ဘေးရှောင် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် Mi – 35 ၊ ဂျက်ဖိုက်တာ တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး အသက် ၄ နှစ်နှင့် ၇ နှစ်အရွယ် ကလေးငယ်များ အပါအဝင် ပြည်သူ အများအပြား ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ထိခိုက်ဒဏ်ရာရရှိသူများမှာ အသက် ၈၄ နှစ်အရွယ် ဒေါ်စန်း ၊ အသက် ၄ နှစ်အရွယ် သားငယ် ၊ အသက် ၅၄ နှစ်အရွယ် မသိန်း ၊ အသက် ၆၀ အရွယ် မကြည် ၊ အသက် ၁၃ နှစ်အရွယ် ရဲနိုင် ၊ အသက် ၁၅ နှစ်အရွယ် ကျော်ကျော် ၊ အသက် ၁၅ နှစ်အရွယ် မောင်လွင် ၊ အသက် ၇ နှစ်အရွယ် ငယ်ငယ် ၊ အသက် ၅၅ နှစ်အရွယ် ကိုမိုး ၊ အသက် ၄၅ နှစ်အရွယ် ဦးခိုင် နှင့် ရွာသစ်ရွာမှ ပြည်သူ ၃ ဦးတို့ ဖြစ်ပြီး သက်တော် ၃၀ နှစ်ရှိ သံယာတော် ၁ ပါး ပျံလွန်တော် မူခဲ့ကြောင်း သိရှိရသည်။
ရွာသစ်စုကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် သိမ်ဇရပ်သည် အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။
“ထိခိုက် ဒဏ်ရာရတဲ့ သူတွေ အကုန်လုံးက ဒဏ်ရာ ပြင်းထန်းတယ်။ စိုးရိမ်ရတဲ့ သူတွေလည်းပါပါတယ်။ ကျန်းမာရေး အခြေအနေကို ဆက်လက် စောင့်ကြည့်နေရအုန်း” ဟု အညာမြေ တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။