ရန်ကုန်၊ ဩဂုတ် ၁၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA သိမ်းပိုက်ထားသော နမ့်ဆန်မြို့နှင့် PDF များ အသာစီးရနေသော မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့တို့ကို စစ်ကောင်စီက ညသန်းခေါင်ယံအချိန် တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
ယမန်နေ့ ည ၁၁ နာရီ ၄၁ မိနစ်အချိန်မှ ည ၁၁ နာရီ ၅၁ မိနစ်အချိန်အထိ နမ့်ဆန်မြို့ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲချခဲ့ကြောင်း၊ ထိုသို့ လေယာဉ်ဖြင့် ဗုံးကျဲရာတွင် ယမန်နေ့ ည ၁၁ နာရီ ၄၁ မိနစ်တွင် တစ်ကြိမ်၊ ည ၁၁ နာရီ ၄၅ မိနစ်တွင် တစ်ကြိမ်၊ ည ၁၁ နာရီ ၅၁ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် လာရောက်ပြီး ဂျက်လေယာဥ်ဖြင့် ဗုံး ၆ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုကဲ့သို့ဗုံးကျဲတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့တွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်သေဆုံးမှုနှင့် ပျက်စီးမှုအခြေအနေများအား ထပ်မံဖော်ပြသွားမည်ဖြစ်ကြောင်း TNLA က ဆိုသည်။
အလားတူ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင်လည်း ယမန်နေ့ ညပိုင်း စစ်ကောင်စီက တိုက်လေယာဉ်၊ Y12 လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်မှုများရှိကြောင်း၊ လေကြောင်း တိုက်ခိုက်သည့်နေရာနှင့် ဗုံးကျဲချသည့်နေရာများကို ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသဖြင့် အသေးစိတ် မသိရှိရသေးကြောင်း၊ ပြည်သူများ ထိခိုက်သေဆုံးမှုနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှုများ ရှိနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar