24 C
Yangon

မြို့ရွာများကို တိုက်ခိုက်သိမ်းပိုက်ပြီးလျှင် ထိန်းထားနိုင်ရန် အရေးကြီးဟု NUG ယာယီသမ္မတ သတိပေး

Must read

ရန်ကုန်၊ ဩဂုတ် ၂၀

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော တော်လှန်ရေးတပ်များအနေဖြင့် မြို့ရွာများကို တိုက်ခိုက်သိမ်းပိုက်ပြီးလျှင် ထိန်းထားနိုင်ရန် အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၃ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်း မြို့ရွာများကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရာတွင် သိမ်းပိုက်ပြီးနယ်မြေများကို ထိန်းချုပ်နယ်မြေများအဖြစ် ပြောင်းလဲရမည်ဖြစ်ကြောင်း၊ သိမ်းပြီးလျှင် ထိန်းထားနိုင်ရမည်ဖြစ်ကြောင်း သမ္မတက ပြောဆိုသည်။

” အလေးအနက်ထား ရှုမြင်ဖို့ လိုတာကတော့ စစ်ရေးရလဒ်တွေရဲ့ နောက်မှာ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေ ပီပီပြင်ပြင်ဖော်ဆောင်နိုင်ရေးကို အလေးအနက်ထားဖို့ လိုပါတယ်။ စစ်မှာ သိမ်းပြီးရင် ထိန်းနိုင်ဖို့ လိုပါတယ်။ ခုခံတော်လှန်စစ်အရ မြို့တွေ ရွာတွေကို သိမ်းပိုက်နိုင်ခြင်းဟာ နိုင်ငံရေးပုံရိပ်အရ လူထုကြားထဲမှာ အားပေးထောက်ခံမှု ရတယ်ဆိုပေမယ့် တဖက်မှာလည်း သိမ်းပိုက်နယ်မြေကို ထိန်းချုပ်နယ်မြေအဖြစ် ပုံဖော်ဖို့ အားနည်းတာဟာ လူထုအတွက်ရော၊ တော်လှန်ရေးအတွက်ပါ ဘေးထွက်ဆိုးကျိုး ရှိနိုင်ပါတယ်။ ဒါ့ကြောင့် သိမ်း ပိုက်နယ်မြေတွေကို ထိန်းချုပ်နယ်မြေတွေအဖြစ် မြဲမြံစေဖို့ အထူး ဂရုစိုက်ရမှာ ဖြစ်ပါတယ်” ဟု NUG ယာယီသမ္မတက ပြောဆိုသည်။

လက်ရှိ စစ်ရေးအောင်ပွဲများနှင့်အတူ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို တွဲဖက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ နွေဦးတော်လှန် ရေးသည် တော်လှန်ရေး – စစ်ရေး – နိုင်ငံရေး အပါအဝင် အုပ်ချုပ်ရေးကိစ္စရပ်များ ယှဉ်တွဲလုပ်ဆောင်သည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်း သမ္မတက ဆိုသည်။

” ခုခံတော်လှန်စစ်ကနေ ကျွန်တော်တို့ဟာ စစ်ရေးအောင်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေကိုပါ တွဲဖက်ပြီး လုပ်ဆောင်လာရတာ ရှိပါတယ်။ ဒီ့အတွက်ကြောင့် ကျွန်တော်တို့ဟာ တော်လှန်ရေးကို လုပ်ရင်း နိုင်ငံရေးကိစ္စတွေကိုပါ ပူးတွဲလုပ်ဆောင်နေကြရသလို၊ စစ်ရေးကိစ္စတွေကို စီမံရင်းနဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေကိုပါ တိုးချဲ့ လုပ်ဆောင်နေကြရတဲ့သဘော ရှိပါတယ်။ ဒါတွေဟာ ကဏ္ဍအလိုက် အရေးကြီးတဲ့ကိစ္စရပ်တွေဖြစ်ပြီး တစ်ခုခုကို ချန်လှပ်ထားခဲ့တာမျိုး လုပ်လို့ မရဘူးဆိုတာ နားလည်ဖို့ လိုပါတယ်။ လူထုတော်လှန်ရေးရဲ့ သဘောကတော့ စစ်ရေးအားသာချိန်မှာ စစ်ရေးဘက်ကို တိမ်းညွှတ်ချက် များသွားပြီး တခြားသော ကဏ္ဍတွေမှာ မှေးမှိန်သွားတာမျိုး ဖြစ်လေ့ရှိပါတယ်။ တကယ်တော့ နွေဦးတော်လှန်ရေးဟာ တော်လှန်ရေး – စစ်ရေး – နိုင်ငံရေး အပါအဝင် အုပ်ချုပ်ရေးကိစ္စရပ်တွေကပါ ယှဉ်တွဲပြီး လုပ်ဆောင်နေကြရတာကို မြင်နိုင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ကဏ္ဍတခုချင်းစီရဲ့ အရေးပါမှုကို အထူး နားလည်ကြရမှာ ဖြစ်သလို၊ လမ်းစဉ်တခုချင်းစီရဲ့ အားသာချက် – အားနည်းချက်တွေကိုလည်း နားလည်သဘောပေါက်ထားရမှာ ဖြစ်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

ဩဂုတ်လ ၁၈ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ကို ပြည်သူ့ကာကွယ်ရေးတပ်များအပါအဝင် တော်လှန်ရေးတပ်များက နံနက်ပိုင်းတွင် သိမ်းပိုက်ပြီး ညနေပိုင်းတွင် စစ်ကောင်စီ၏ ပြင်းထန်သော လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြန်လည် လက်လွှတ်လိုက်ရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article