ရန်ကုန်၊ ဩဂုတ် ၂၂
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဟင်္သာရွာပျူစောထီးစခန်းမှ စစ်သား၊ ပျူစောထီးများ စခန်းစွန့်ခွာ သွားသဖြင့် ဝင်ရောက်ရှင်းလင်းကာ စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ရေစကြို ပကဖမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဩဂုတ် ၂၁ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် ရေစကြိုမြို့နယ်၊ ဟင်္သာပျူစောထီးရွာမှ အ ကြမ်းဖက်စစ်သားနှင့် ပျူစောထီးများက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ၁၀ ရက်ကြာ ဝိုင်းဝန်း ပိတ်ဆို့ခံထားရမှုကို မခံနိုင်တော့သဖြင့် စခန်းစွန့်ခွာသွားခြင်းဖြစ်ကြောင်း၊ ရေစကြိုမြို့နယ် ၊ ပခုက္ကူ-ရေစကြို လမ်းပေါ်ရှိ ပခန်းကြီးကျေးရွာရဲစခန်းသို့ သွားရောက်ပူးပေါင်းကြခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်သား၊ ပျူစောထီးများ စွန့်ခွာသွားသည့်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ရှင်း လင်းပြီး မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။
“စခန်းစွန့်ထွက်ပြေးသွားလို့ ဝင်ရောက်ရှင်းလင်းပြီး မီးရှို့ပေးလိုက်တာ။ ရေစကြိုတောင်ဘက် ပခုက္ကူ -ရေစကြိုကားလမ်းဘေးမှာရှိတဲ့ ပခန်းကြီးရဲစခန်းကို သွားပေါင်းတာ။ စခန်းထဲဝင်ရှင်းတော့ ဆိုင် ကယ်တွေနဲ့ ဆန်တွေတော့ရတယ်။ အဲဒါတွေက လောလောဆယ်အဲဒီဘက်အပိုင်းမှာက နည်းနည်း ရှုတ်နေသေးလို့ သေချာ အတိအကျ မစိစစ်ရသေးဘူး။ လက်နက်တွေဘာတွေတော့မရခဲ့ဘူး။ ပျူ ရွာမှာက အင်အားက ၂၀ လောက်ပဲရှိတာ၊ ပခုက္ကူကနေ စစ်ကြောင်းထိုးလာပြီးမှ ပခန်းကြီးဘက်ကို သွားပေါင်းတာပါ။ သူတို့စွန့်ခွာသွားခြင်းခြင်းပဲ စခန်းကို ဝင်ရှင်းခဲ့လိုက်တယ်၊” ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဩဂုတ်လ ၁၄ ရက်နေ့တွင် ပခုက္ကူမြို့မှ ဟင်္သာကျေးရွာ ပျူစောထီးစခန်းသို့ အကြမ်းဖက်စစ်သား များ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ၆ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဟင်္သာရွာ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ) နှင့် မဟာမိတ် တပ်ဖွဲ့များဖြစ်သော နွေဦးစစ်သည် ရေလယ်ကျွန်းဒေသ စစ်ကြောင်း ၊ UURF အပါအဝင် လိုကယ်အဖွဲ့များမှ လက်နက်ကြီးပစ်ကူပေးခြင်း ၊ RC လာချကူခြင်း၊ ရှော့တိုက်ဒုံးများ ပစ်ကူခြင်းများ ညီညွတ်စွာဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ဆက်လက်နေထိုင် ရဲခြင်းမရှိတော့ဘဲ စခန်းစွန့်ခွာသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar