■ စစ်ကြောင်းကို PDF တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်မှု စကစ ၆၆ လက်အောက်ခံ တပ်ရင်းမှူး ၁ ဦး အပါအဝင် သေဆုံးသူများပြား
ရန်ကုန်၊ ဩဂုတ် ၂၈
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံရွာနှင့် အုပ်ဖိုရွာရှိ မီးလောင်ကျွမ်းခြင်း မရှိသေးသော နေအိမ်များကို အကြမ်းဖက် စစ်တပ်က ယနေ့နံနက်ပိုင်း ဓာတ်ဆီလောင်း၍ မီးထပ်ရှို့နေကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ပံတန်းမြို့နယ်၊ ရေငံရွာနှင့် အုပ်ဖိုရွာကို စစ်ကြောင်းထိုးလာစဉ် PDF တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စကစ ၆၆ လက်အောက်ခံ တပ်ရင်းမှူး ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သား အများအပြားသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်တပ် စစ်ကြောင်းသည် ထိခိုက်သေဆုံးမှု များပြားခြင်းကြောင့် ယင်းနေ့ ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် ရေငံရွာနှင့် အုပ်ဖိုရွာတို့ကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ မီးလောင်ကျွမ်းခြင်းမရှိသော နေအိမ်များကို ယနေ့နံနက်ပိုင်းတွင် ဓာတ်ဆီလောင်း၍ မီးထပ်ရှို့နေကြောင်း သိရှိရသည်။
“မနေ့က လက်ပံတန်း တိုက်ပွဲမှာ စကစ ၆၆ လက်အောက်ခံ တပ်ရင်းမှူး ၁ ဦး အပါအဝင် စစ်ခွေး သေဆုံးမှုများတယ်လို့ ကနဦး ကြားသိထားရတယ်။ လက်နက်ကောက်ဖို့လုပ်တော့ ထန်းပင်ချောင်ဘက်က လက်နက်ကြီးနဲ့ ပစ်တာရယ် ဒရုန်းနဲ့ပါဗုံးလာကျဲနေလို့ ပြန်ဆုတ်ပေးလိုက်ရတယ်။ မနေ့ကတော့ ဓာတ်ဆီတွေပါ ထန်းပင်ချောင်က အသစ်ရောက်လာတဲ့ စစ်ခွေးတွေယူလာပြီး ညကမီးရှို့တာ ညက မီးရှို့တာ မလောင်တဲ့အိမ်တွေကို ခုမနက်ထပ်ရှို့နေတာ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။
အဆိုပါ ရေငံရွာအနီးတွင် ဩဂုတ်လ ၂၄ ရက်နေ့၌ အင်အား ၁၀၀ ကျော်ပါဝင်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၂၀ ကျော် သေဆုံးပြီး စစ်သုံ့ပန်း ၁၀ ဦး ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး မြေပြင်တွင် ထိတွေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar