ရန်ကုန်၊ ဩဂုတ် ၂၈
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် လမ်းကင်း လုံခြုံရေး ယူနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဗထူးတပ်မတော် (BHA) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၃၇ မိနစ် တွင် လောင်းလုံးမြို့နယ် ၊ သောကြာပြင်ကျေးရွာ နှင့် ခလရ ၁ဝ၄ တပ်ရင်း အကြား လမ်းပိုင်းတွင် ခလရ ၁၀၄ တပ်ရင်းမှ ကျောင်းကား အသွားအပြန်အတွက် လမ်းကင်း လုံခြုံရေးယူပေးရန် ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးကို ဗထူးတပ်မတော် (BHA) က သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုသည် အချိန် ၃ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးကာ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး MA-1 သေနတ် ၁ လက် ၊ MA-2 သေနတ် ၁ လက် ၊ 5.56 ကျည် (၃၇ဝ) တောင့် ၊ ကျည်ဘောက် (၈) ခု ၊ 40mm ဗုံးသီး (၃) လုံး ၊ လက်ပစ်ဗုံး (၁) လုံး ၊ အီနာဂါ ဗုံးသီး (၃) လုံး ၊ စကားပြောစက် (၁) လုံး ၊ လက်ကိုင်ဖုန်း (၁) လုံး နှင့် စစ်အသုံးအဆောင်ပစ္စည်းတစ်ချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် စစ်ရေးအရှိန်မြှင့်ကာ အမြစ်ပြတ် တိုက်ခိုက် ချေမှုန်း သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ရေး အသိ၊သတိ ဖြင့် သွားလာနေထိုင် ကြရန် နှင့် ပြည်သူကာကွယ်ရေးအဖွဲ့များမှ တရားဝင်အသိပေး ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအား လေးစားလိုက်နာကြရန်နှင့် အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ နိုင်ငံ၏ နေရာဒေသအသီးသီးတွင် အဓိကထားအသုံးပြု တိုက်ခိုက်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် လေကြောင်း တိုက်ခိုက်မှုအန္တာရာယ် ကာကွယ်နိုင်ရန် အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြရန် အလေးအနက်ထားတိုက်တွန်းအပ်ကြောင်း ဗထူးတပ်မတော် (BHA) မှ အသိပေးပြောဆိုထားသည်။
အကြမ်းဖက် စစ်ကောင်စီ၏ လက်ကိုင်တုတ်များဖြစ်သော ပျူစောထီးများ ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ နှင့် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ အနေဖြင့် တနိုင်ငံလုံးအတိုင်းအတာ ကျရှုံးမှုပေါင်းများစွာဖြင့်ရင်ဆိုင်နေရသည့် အကြမ်းဖက် အာဏာသိမ်းစစ်တပ်ကို စွန့်ခွာ၍ ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုံဝင်ရောက်ကြပါရန် အလေးနက်ထား တိုက်တွန်းလိုကြောင်း ဗထူးတပ်မတော် (BHA) မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar