28 C
Yangon

သာယာဝတီထောင်တွင် ထောင်ပိုင် ရဲရင့်နိုင် အပါအဝင် ဝန်ထမ်းများက ငွေ ကြေး ကောက်ယူခြင်း၊ ထောင်တွင်း စီးပွားရှာခြင်းများ လုပ်ကိုင်ကာ အာဏာအလွဲသုံးနေ

Must read

ရန်ကုန်၊ ဩဂုတ် ၃၀

ပဲခူးတိုင်း၊ သာယာ၀တီမြို့နယ်ရှိ သာယာဝတီထောင်တွင် ထောင်ပိုင် ရဲရင့်နိုင် နှင့် ထောင်အဆောင်မှူးများသည် အကျဥ်းသားများထံမှ အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးကောက်ယူခြင်းများ၊ထောင်တွင်းစီးပွားရေးလုပ်ငန်းများ လုပ် ကိုင် ကာ အာဏာအလွဲသုံးစားလုပ်မှုများ လုပ်ဆောင်နေကြောင်း နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

သာယာဝတီထောင် ထောင်ပိုင် ရဲရင့်နိုင်က ထောင်ထဲတွင် ကွမ်းယာဆိုင်ဖွင့်၍ အဆောင်တစ်ခန်းလျှင်ကွမ်း အထုပ် ၃၀ နူန်းဖြင့် မယူမနေရရောင်းပြီး ကွမ်း ယာ ထုပ်များ မကုန်လျှင် အကျဉ်းသားများကို အပြစ်ပေးလေ့ရှိကြောင်း၊ သက်ဆိုင်ရာအခန်းများအလိုက်ခွဲတမ်းဖြင့် မကုန်မချင်း ရောင်းရသော ကွမ်း ယာများ မကုန်လျှင် အပြင်ကွမ်း(ဝန်ထမ်းများမှ သယ်လာသောကွမ်းယာ) များကို စားလျှင် တိုက်ပိတ်ခြင်း၊ ခြေကျင်းခတ်ခြင်းများ ပြုလုပ် အပြစ်ပေးကြောင်း သိရှိရသည်။

“ရဲရင့်နိုင်က သူ့ရဲ့ထောင်ပိုင်ရာထူးကို အသုံးချပြီး သာယာဝတီထောင်ရဲ့ ဈေးဘားနဲ့အစားအသောက်ရောင်းဝယ်ရေးကို လက်ဝါးကြီးအုပ်ပြီး စီးပွားရေးလုပ်နေတဲ့သူပါ။ ကွမ်းတစ်ထုပ်အယာ ၂၀ ပါကို မတန်တဆဈေး တစ်သောင်းလောက်ထိကို ထောင်ထဲမှာ ဈေးပေါက်နေပါတယ်။ ဈေးသက်သာတဲ့ အပြင်က ကွမ်းကို ဝန်ထမ်းငယ်တွေရောင်းလို့ ဝယ်စားတဲ့သူဆိုရင် တရားမဝင်ပစ္စည်း တင်သွင်းယူဆောင်တယ်ဆိုပြီး အပြစ်ပေးပါတယ်။အဓိကက သူရောင်းတဲ့ ကွမ်းကိုပဲ ဝယ်စားအောင်ပါ။ ခေတ်ပျက်ကြီးမှာ ထောင်အတွင်း ရာထူးအားကိုးပြီး မတရား စီးပွားရှာနေတာဖြစ်ပါတယ်”ဟု နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

သာယာ၀တီထောင်ပိုင် ရဲရင့်နိုင်က ကွမ်းယာအပြင် ထောင်ဝင်စာပစ္စည်းများပို့ခြင်းကို ကန့်သတ်ထားပြီး ထောင်ပိုင် ရောင်းချသော ဟင်းများကိုလည်း မဝယ်မနေရသဘောမျိုးဖြင့်ရောင်းချလေ့ရှိကြောင်း၊ အစားအသောက်ကျပ်တည်းပြီး ရှားပါးသော သာယာဝတီထောင်တွင် အကျဥ်းသားများအနေဖြင့် ထိုဟင်းများကို စျေးနှုန်းကြီးမြင့်စွာ ဝယ်ယူစားသောက်နေရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် သာယာဝတီထောင်ရှိ အမျိုးသားအဆောင် ၂ အဆောင်မှူး ကျော်ဇင်လတ် သည်လည်း အကျဥ်းသားများထံမှ အကြောင်းအမျိုးမျိုးပြကာ ငွေကောက်ယူလျက်ရှိကြောင်း၊ ကျော်ဇင်လတ်သည် လွန်ခဲ့သော ၂၀၂၄ ခုနှစ် မေလတွင် သူ သင်တန်းတက်မည်ဖြစ်၍အကျဥ်းသားများထံမှ တစ်ခန်းလျှင် ငါးသောင်းနူန်းဖြင့် ငွေကြေးကောက်ယူခဲ့ကြောင်း၊ သင်တန်းမှ ပြန်လည် ရောက်ရှိလာသောအခါတွင်လည်း ထောင်အတွင်း အကျဥ်းသားများအား ထောင်မှခိုင်းသည့်အလုပ် မလုပ်လိုလျင် ၎င်းထံသို့ တစ်ဦးလျှင် ငွေ တစ်သိန်းခွဲပေးရကြောင်း၊ အဆိုပါတစ်သိန်းခွဲသည် ထောင်သို့ အဆောင်မှူးတစ်ယောက်ပြောင်းတိုင်း တစ်ခါပေးရခြင်း ဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM) ထံမှ သိရှိရသည်။

ထို့ပြင် သာယာဝတီအကျဉ်းထောင်တွင် အကျဥ်းသားများကို သော့ခတ်ရန် သော့ခလောက် သံချေးများတက်နေလျှင်လည်း ထောင်ပိုက်ဆံ မသုံးဘဲ အကျဥ်းသားများကို အတင်းဝယ်ယူခိုင်းကြောင်းလည်း သိရှိရပါသည်။

ဓာတ်ပုံ – စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီး ထောင်အရာရှိ ၁ ဦးနှင့် အကျဉ်းထောင်မြင်ကွင်း။(ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီး ထောင်အရာရှိ ၁ ဦးနှင့် အကျဉ်းထောင်မြင်ကွင်း။(ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article