27 C
Yangon

ကရင်ပြည်နယ်ရှိ ဆိုက်ဘာငွေလိမ် လုပ်ငန်းတွင် ပါဝင်ပတ်သက်နေသည့် မလေးရှား ဒုဝန်ကြီးဟောင်းကို ရဲတပ်ဖွဲ့နှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေ

Must read

ရန်ကုန်၊ ဩဂုတ် ၃၀

ကရင်ပြည်နယ်ရှိ ဆိုက်ဘာငွေလိမ် လုပ်ငန်းတွင် ပါဝင်ပတ်သက်နေသည့် ဒုဝန်ကြီးဟောင်း Datuk Dr Mashitah Ibrahim ကို မလေးရှား ရဲတပ်ဖွဲ့နှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း Justice For Myanmar က ပြောဆိုသည်။

ကရင်ပြည်နယ်ရှိ ဆိုက်ဘာငွေလိမ် ဗဟိုချက်တစ်ခုတွင် မလေးရှား ဒုတိယဝန်ကြီးဟောင်း Datuk Dr Mashitah Ibrahim နှင့် သူမ၏ ခင်ပွန်းဖြစ်သူ Datuk Abdul Shakor bin Abu Bakar တို့ ပါဝင်ပတ်သက်နေမှုအပေါ် မလေးရှားရဲတပ်ဖွဲ့နှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်တို့က စုံစမ်းစစ်ဆေးနေမှုများကို Justice For Myanmar က ကြိုဆိုကြောင်း ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင်း ရာဇ၀တ် စီးပွားဂိုဏ်းလုပ်ငန်းများတွင် ဒုဝန်ကြီးဟောင်းနှင့် သူမ၏ ခင်ပွန်းတို့ ပါဝင် ပတ်သက်မှုကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ အဆိုပါ ဇနီးမောင်နှံထံမှ ထွက်ဆိုချက်များကို ဇူလိုင်လတွင် ရယူပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ရဲရေးဗိုလ်ချူပ်ကြီး Tan Sri Razarudin Husain က ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုပြောဆိုထားသည်။

လက်ရှိချိန်တွင် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများကို ရှာဖွေနေကြောင်း၊ မာရှီတအီဗရာဟင်သည် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များထံ ထွက်ဆိုချက်ပေးခဲ့ကြောင်း အတည်ပြု ထုတ်ဖော်ပြောကြားထားပြီး အရပ်ဘက်အဖွဲ့အစည်းများက တိုင်ကြားခဲ့ပြီး နောက်ပိုင်း မလေးရှား အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကော်မရှင် (MACC) ကလည်း မာရှီတအီဗရာဟင်အပေါ် စုံစမ်းစစ်ဆေးမှုများ ယခုအပတ်အတွင်း စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာစစ်အုပ်စု၏ မဟာမိတ်၊ ပြည်သူ့စစ်အဖြစ်လဲ ကရင်နယ်ခြားစောင့်တပ်ဖွဲ့/ ကရင်အမျိုးသား တပ်မတော် (BGF/KNA)နှင့်အတူ Dongmei Park တွင် ပါဝင်နေသည့် ထင်ရှားသော မလေးရှားနိုင်ငံသားများ၏ အခန်းကဏ္ဍကို ဖော်ထုတ်ထားသည့် Justice For Myanmar ၏ မေလ အစီရင်ခံစာ ထွက်ပေါ်ခဲ့အပြီး ယခုလို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လာခဲ့ခြင်းကာ အဆိုပါအစီရင်ခံစာတွင် မာရှီတအီဗရာဟင်၊ အဗ္ဗဒူရှာကောနှင့် အခြားသူများ၏ အမည်များကို ဖော်ထုတ်ခဲ့ကြောင်း Justice For Myanmar က ပြောဆိုသည်။

မာရှီတအီဗရာဟင်နှင့် အဗ္ဗဒူရှာကော အပါအဝင် မြန်မာနိုင်ငံရှိ ဆိုက်ဘာငွေလိမ်ခြံဝန်းကြီးများတွင် ပါဝင်ပတ်သက်သည့် မလေးရှားနိုင်ငံသားအားလုံးအပေါ် လျင်မြန်သော စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ပြီး ၎င်းတို့ကို ဥပဒေအရ အရေးယူအပြစ်ပေးပါရန် မလေးရှားရဲတပ်ဖွဲ့ကို JFM က တိုက်တွန်းထားပြီး MACC အနေဖြင့် ပွင့်လင်းမြင်သာမှုရှိပြီး ပြီးပြည့်စုံသည့် စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန်နှင့် ယင်းစုံစမ်းစစ်ဆေးမှု၏ ရလာဒ်ကိုလည်း အများပြည်သူသို့ ထုတ်ပြန်ရန် တိုက်တွန်းအပ်ကြောင်း Justice For Myanmar က အသိပေးထားသည်။

ယခင်က Saixigang Industrial Park ဟု အမည်ပေးထားသည့် Dongmei နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်း ဗဟိုချက်ကို လူကုန်ကူးခံရသည့် အလုပ်သမားများဖြင့် လုပ်ငန်း လည်ပတ်နေခြင်း ဖြစ်ပြီး ယင်းအလုပ်သမားများသည် ရာဇဝတ် လုပ်ငန်းများကို အတင်းအကြပ်စေ ခိုင်းစေခံရမှု၊ ညှဉ်းပမ်းနှိပ်စက်မှု၊ ငွေညှစ်ခံရမှုများနှင့် ကြုံတွေ့ခဲ့ကြရသူများလည်း ဖြစ်ကြောင်း၊ ဖမ်းဆီးခံထားရသူများ မထွက်ပြေးနိုင်စေရန်အတွက် ကင်းစောင့်မျှော်စင်များ၊ ပင်မဂိတ်တွင် ရိုင်ဖယ်သေနတ်ကိုင် စစ်ယူနီဖောင်းဝတ် အစောင့်အကြပ်များဖြင့် လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားကြောင်း သိရသည်။

မလေးရှားရဲတပ်ဖွဲ့၏ လူကုန်ကူးမှုနှင့် ရွှေ့ပြောင်း လူမှောင်ခိုမှု တိုက်ဖျက်ရေးဌာနခွဲတွင် သူမနှင့် အဗ္ဗဒူရှာကောတို့ ရိုက်ကူးထားသော ဓာတ်ပုံတစ်ပုံပါဝင်သည့် Facebook ပို့စ်တစ်ခုတွင် မာရှီတအီဘရာဟင်က “ကျမမိတ်ဆွေက အဲဒီမှာရှိတဲ့ သူရဲ့စီမံကိန်းမှာ ဓါတ်ပုံရိုက်ဖို့ ကျမကို ဖိတ်ခေါ်ခဲ့တာကြောင့် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတဲ့ကိစ္စ ဖြစ်ပါတယ်။ ကျမရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေဖို့ ရည်ရွယ်ပြီး အသရေဖျက်ဖို့ ကြိုးပမ်းသူမှန်သမျှကို ဥပဒေအရ အရေးယူဆောင်ရွက်သွားဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူး” ဟု တုန့်ပြန်ထားကြောင်း သိရှိရသည်။

သို့ရာတွင် Dongmai Park တွင် သူမ၏ ဆက်နွှယ်မှု သက်သေ အထောက်အထားများစွာကို သူမ၏ Facebook ပေါ်ရှိ ယခင်ပို့စ်များတွင် အသေးစိတ် တွေ့ရှိပြီးဖြစ်ကြောင်း၊ ပို့စ်တစ်ခုတွင် မာရှီတသည် သူ့ကိုယ်သူ အဆိုပါစီမံကိန်း၏ “သံမဏီအမျိုးသမီး” ဟုပင် ရည်ညွှန်းခဲ့ကြောင်း သိရသည်။

Dongmei Park ၏ အဓိက ရင်းနှီးမြှုပ်နှံသူများထဲမှတစ်ဦးသည် တရုတ်နိုင်ငံဖြတ်ကျော်ရာဇဝတ် အဖွဲ့အစည်းကြီး 14K လူးဆိုးဂိုဏ်း၏ ခေါင်းဆောင်ဟောင်းဖြစ်သူ Wan Kuok-koi (သွားကျိုး/Yin Gouju ဟု လည်းသိကြသူ) ဖြစ်ပြီး Wan Kuok-koi အား အမေရိကန်ပြည်ထောင်စုက ၂၀၂၀ ခုနှစ်တွင် ဒဏ်ခတ် ပိတ်ဆို့မှု ချမှတ်ခဲ့ကြောင်း သိရှိရသည်။

Dongmei Group အောက်တွင် ဟောင်ကောင် မှတ်ပုံတင်ကုမ္ပဏီ တစ်ခုဖြစ်သည့် Dongmei Investment Group Company Limited ရှိပြီး ယင်းကုမ္ပဏီကိုလည်း အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားကြောင်း၊ ကုမ္ပဏီတွင် ဒါရိုက်တာနှင့် ရှယ်ယာရှင် မလေးရှားနိုင်ငံသား ၂ ဦး ပါဝင်ပြီး ၎င်းတို့မှာ အဗ္ဗဒူရှာကော ဘင် အဘူဘကာနှင့် ယောင်မွန်ဟောင်တို့ ဖြစ်ကြောင်း၊ မာရှီတအီဗရာဟင်၏ Facebook စာမျက်နှာရှိ ပို့စ်အများအပြားတွင် Dongmei Park ၌ သူမနှင့် အဗ္ဗဒူ ရှာကောတို့၏ ပါဝင်ပတ်သက်မှု သက်သေအထောက်အထား များစွာကို ဖော်ပြနေကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်း Justice For Myanmar က အသေးစိတ်ဖော်ပြခဲ့သည့် အတိုင်း မာရှီတအီဗရာ ဟင်နှင့် အဗ္ဗဒူရှာကော ဘင် အဘူ ဘာကာတို့သည် ၎င်းတို့၏ မိတ်ဆွေအချို့နှင့်အတူ ၂၀၂၀ ခုနှစ်၊ ဇန်နဝါ ရီလ၊ ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံနှင့် မြဝတီမြို့နယ်သို့ သွားရောက်ခဲ့သော ဓါတ်ပုံတစ်ပုံတွင် ငွေလိမ် ခြံဝန်းကြီး၏ ဆောက်လုပ်ရေးလုပ်ငန်း ဖြစ်ပုံရသည့် နေရာတစ်ခု၌ မာရှီတအီဗရာဟင်အား ကရင်နယ်ခြား စောင့်တပ်ဖွဲ့များက ဝန်းရံလျက် ရိုက်ကူးထားကြောင်း၊ နောက်တစ်လတွင်လည်း ၎င်းတို့သည် ထိုင်းနှင့် မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်ခဲ့ပြီး မာရှီတအီဗရာဟင်က “တာကော” ၂၀ အုပ်စုနှင့်အတူ ခရီးသွားနေကြောင်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့ တွင် ဘန်ကောက်လေဆိပ်မှ ပို့စ်တင်ခဲ့ပြီး “တာကော” သည် ကန်တုန်ဘာသာစကားအရ အစ်ကိုကြီး သို့မဟုတ် သူဌေးဟူ၍ အဓိပ္ပါယ်ရကာ အဆိုပါသူဌေးများမှ တစ်ဦးသည် Wan Kuok-koi ဖြစ်ကြောင်း သိရှိရသည်။

နောက်တစ်ရက်တွင် မာရှီတအီဗရာဟင်သည် မြဝတီမြို့နယ်အတွင်းရှိ စီမံကိန်းနေရာ၌ ပြုလုပ်သည့် စီမံကိန်းအုတ်မြစ်ချအခမ်းအနားမှနေ၍ ပို့စ်တင်ခဲ့ကြောင်း၊ အဆိုပါ အခမ်းအနားတွင် အဗ္ဗဒူရှာကောက မိန့်ခွန်းပြောကြားခဲ့ပြီး စီမံကိန်းအုတ်မြစ်ချ အခမ်းအနား၏ ဓါတ်ပုံနှင့်ဗွီဒီယိုဖိုင်များတွင် အခမ်းအနားအတွင်း လက်နက် အပြည့်အစုံတပ်ဆင်ထားသည့် ကရင် BGF စစ်သားများက စင်မြင့်ပေါ်၌ မတ်တပ်ရပ်၍ လုံခြုံရေးပေးနေသည်ကို တွေ့ရကြောင်း၊ ၎င်းသည် အဆိုပါ ဆိုက်ဘာငွေလိမ်ခြံကြီးတွင် ပြည်သူ့စစ်အဖွဲ့၏ ပါဝင်ပတ်သက်မှု နောက်ထပ်အထောက်အထားပင် ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကွာလာလမ်ပူမြို့တော်ရှိ၊ Marriott Hotel ၌ အဆိုပါ စီမံကိန်း ဖွင့်လှစ်ခြင်းနှင့် “ရင်းနှီးမြှုပ်နှံသူများအား ကျေးဇူးတင်ခြင်း” အခမ်းအနားကို ကျင်းပခဲ့ပြီး အခမ်းအနားတွင် “လူငယ်အသင်းလုပ်ငန်းများ” အတွက် အလှူငွေများ ပေးအပ်ခဲ့ကာ ဓါတ်ပုံများတွင် Dongmei Group နှင့် မာရှီတအီဗရာဟင်၊ အဗ္ဗဒူရှာကောတို့ပိုင်ဆိုင်သည့် Grand Commerce Network တို့က ပေးအပ်သည့် CIMB Bank ချက်လက်မှတ်ကြီးတစ်စောင်ကို တွေ့ရကြောင်း သိရှိရသည်။

မလေးရှားနိုင်ငံသားများသည် ရွှေကုက္ကိုလ်ဒေသရှိ ရထိုက်မြို့သစ် စီမံကိန်းတွင်လည်း ပါဝင်နေကြပြီး ရထိုက်မြို့သစ်စီမံကိန်းသည် ကရင် BGF/KNA နှင့် မိတ်ဖက်ဆောင်ရွက်၍ ဆိုင်ဘာငွေလိမ်လုပ်ငန်း၊ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများမှ အကျိုးအမြတ်များ ရှာဖွေနေသည့် ဖွံ့ဖြိုးရေး အမည်ခံ စီမံကိန်းတစ်ခုလည်း ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံသား ၂ ဦးသည် ရထိုက်မြို့သစ်စီမံကိန်း ဖော်ဆောင်သူ Myanmar Yatai International Holding Group Company Limited တွင် ဒါရိုက်တာနှင့် ရှယ်ယာရှင်များအဖြစ် ပါဝင်နေကြကြောင်း သိရသည်။

“နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Dongmei ဆိုက်ဘာငွေလိမ်ခြံလုပ်ငန်းမှာ ထင်ရှားတဲ့ မလေးရှားနိုင်ငံသားများရဲ့ ပါဝင်ပတ်သက်မှု အခန်းကဏ္ဍအပေါ် မလေးရှားရဲတပ်ဖွဲ့နဲ့ MACC တို့ရဲ့ စုံစမ်းစစ်ဆေးမှုကို ကြိုဆိုပါတယ်။ မလေးရှားအာဏာပိုင်တွေအနေနဲ့ မြန်မာနိုင်ငံက နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက် နေတဲ့ မလေးရှားနိုင်ငံသားအားလုံးကို အလျင်အမြန် စုံစမ်းစစ်ဆေးသင့်ပြီး၊ ၎င်းတို့ရဲ့ ပါဝင်ပတ်သက်နေမှုများအပေါ် အလုံးစုံတာဝန်ခံစေရေး ဆောင်ရွက်သင့်ပါတယ်။ Dongmei Park ရဲ့ စီးပွားရေးလုပ်ကိုင်ပုံက လူတွေကို အတိဒုက္ခရောက်၊ ဘဝပျက်စေတဲ့ ပုံစံဖြစ်ပါတယ်။ ဒီစီမံကိန်းက စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှုအတွက် တာဝန်ရှိတဲ့ ရာဇဝတ်ပြည်သူ့စစ် အဖွဲ့ ကရင် BGF/KNA ရဲ့ ပူးပေါင်းပါဝင်မှုနဲ့ လူကုန်ကူးမှု၊ ဆိုက်ဘာ လူကျေးကျွန်ပြုမှုတွေကနေ အကျိုးအမြတ် ရှာဖွေနေတာ ဖြစ်ပါတယ်။ လာမယ့်အာဆီယံဥက္ကဌအဖြစ် ဆောင်ရွက်မယ့် မလေးရှားနိုင်ငံအနေနဲ့ လူကုန်ကူးမှုတွေနဲ့ ဆိုက်ဘာ လူကျေးကျွန်ပြုမှုတွေမှာ ၎င်းတို့ရဲ့နိုင်ငံသားတွေ ပါဝင်ပတ်သက်မှုကို သည်းခံမှာမဟုတ်ဘူး ဆိုတာကို မြန်မာပြည်သူတွေနဲ့ အာဆီယံဒေသကို ပြသသင့်ပါတယ်။ မလေးရှားနိုင်ငံအနေနဲ့ စစ်အုပ်စု၊ ၎င်းတို့ပြည်သူ့စစ်အဖွဲ့တွေနဲ့ စီးပွားရေးလုပ်ငန်း လုပ်ဆောင်နေတွေကို ဆန့်ကျင်ကြောင်း ပြတ်သားစွာ ရပ်တည်ဖို့၊ စစ်အုပ်စုအပေါ် တရားဝင်မှုပေးအပ်တာတွေကို ငြင်းဆိုဖို့နဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့တို့ကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု ustice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article