26 C
Yangon

စစ်ခေါင်းဆောင်များက သူတို့ချည်း ငရဲမသွားဘဲ ပြည်သူကိုပါ ငရဲအထိ ခေါ်ရန် လုပ်နေ၍ စစ် တပ်၏ ဆင် ခြင်တုံတရားမဲ့ လုပ်ရပ်တိုင်းကို ဖြိုဖျက်ရန် NUG ယာယီသမ္မတ ညွှန်ကြား

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

အကြမ်းဖက်စစ်ခေါင်းဆောင်များက သူတို့ချည်း ငရဲမသွားဘဲ ပြည်သူလူထုကိုပါ ငရဲအထိ ခေါ်ဆောင်ရန် လုပ်ဆောင်နေ၍ စစ်တပ်၏ ဆင် ခြင်တုံတရားမဲ့ လုပ်ရပ်တိုင်းကို ဖြိုဖျက်နိုင်ရန် အထူးလိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတ ဒူဝါလရှီးလက ညွှန်ကြား ပြောဆိုလိုက်သည်။

ယမန်နေ့ ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၅/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးချိန်မှစတင်၍ ပြည်သူကို ပြည်သူနှင့် တိုက်ပေးသည့် ပြည်သူ့စစ်မဟာဗျူဟာကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်လာခဲ့ကြောင်း၊ ပြည်သူလူထု၏ အသက်ကို စတေးပြီး ၎င်းတို့၏ အာဏာ တည်မြဲရေးအတွက် ကြိုးစားနေကြောင်း ၊ ပြည်သူ့စစ်အဖွဲ့များကို ထပ်မံ တိုးချဲ့ရန် ကြိုးစားနေခြင်းက ထင်ရှားသည့် သက်သေဖြစ်ကြောင်း ယာယီသမ္မတက ဆိုသည်။

“မင်းအောင်လှိုင်နှင့် စစ်အုပ်စုက ပြည်သူ့စစ်အဖွဲ့တွေကို ထပ်မံတိုးချဲ့ဖို့ ကြိုးစားနေတာဟာ ပြည်သူ လူထုရဲ့ အသက်ကို စတေးပြီး ၄င်းတို့ အာဏာမြဲမြံရေးအတွက် ကြိုးစားနေတယ်ဆိုတာ ထင်ရှားတဲ့ သက်သေ ဖြစ်ပါတယ်။ အာဏာရှင်တိုင်းဟာ သူတို့အာဏာတည်မြဲဖို့အတွက်ဆိုရင် ဘယ်လိုကိစ္စ မျိုးကိုမဆို စည်းမဲ့ဘောင်မဲ့ လုပ်ဝံ့တာ တွေ့ရပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကောင်စီက လက် လွတ်စပယ် လုပ်တဲ့ ဆင်ခြင်တုံတရားမဲ့ လုပ်ရပ်တိုင်းကို ဖြိုဖျက်သင်းသတ်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ ယခုစစ်ကောင်စီ အားထုတ်နေတဲ့ လုပ်ရပ်တွေကို ကြည့်ရင်၊ အကြမ်းဖက် စစ်ခေါင်းဆောင်တွေဟာ သူ့တို့ချည်းသက်သက် ငရဲကို မသွားဘဲ၊ ပြည်သူလူထုကိုပါ ငရဲအထိ ခေါ်ဆောင်ဖို့အတွက် လုပ်ဆောင်နေတာတွေ့ရပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ စေတနာ ဖြင့် ငရဲပို့လိုက်သည်… ဆိုတဲ့ အနက်သဘောလို ဖြစ်နေတာတွေ့ရပါတယ်။ အထွေထွေ ဆင်းရဲကြပ်တည်းမှုနဲ့ ကြုံနေရတဲ့ ပြည်သူလူထုကို စစ်ကောင်စီဟာ ဒုက္ခတွေ ထပ်တိုးပေးဖို့ ဘယ်သောအခါမှ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

မင်းအောင်လှိုင် လက်အောက်ရှိ စစ်သားများနှင့်စစ်သည် မိသားစုဝင်များအနေဖြင့်လည်း ပြည်သူများနှင့် ပူးပေါင်းရန် အချိန်တန်ပြီဖြစ်ကြောင်း၊ စစ်အာဏာရှင် ကင်းမဲ့သော နိုင်ငံတော်သစ်ထူထောင်နိုင်မှ ပြည်သူများ ငြိမ်းချမ်းသာယာပြီး စိုးရိမ်မှုကင်းသည့် လူမှုဘ၀ကို ထူထောင်နိုင်မည်ဖြစ်ကြောင်း ၊ စစ်ကောင်စီကို နောင်ကြဉ်သွားစေရန် တန်ပြန် ထိုးနှက်ရမည်ဖြစ်ကြောင်း၊ စစ်အာဏာရှင်သည် အကျောမာပြီး ခေါင်းမာသည့် စရိုက်ရှိကြောင်း၊ နောင်မလုပ်ရဲအောင် အရှိုက်ထိစေမှ ဖြစ်ကြောင်း သမ္မတက ဆက်လက် ပြောဆိုသည်။

“အကြမ်းဖက် စစ်ကောင်စီကို နောင်ကြဉ်သွား အောင်အထိ ထိုးနှက် တန်ပြန်ဖို့ လိုအပ်နေပါတယ်။ စစ်အာဏာရှင်ဆိုတာ အကျောမာတယ်၊ ခေါင်းမာတဲ့စရိုက် ရှိပါတယ်။ ဒါ့ကြောင့် သာသာနဲ့ နာနာနှက်လိုက်မှ၊ နောင်ကို မလုပ်ရဲအောင် အရှိုက်ထိစေမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဇွတ်မိုက်ပြီး ဆက်တိုးနေဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးမှာပျော့ပြောင်းမှုနဲ့ မာကျောမှုကို မဟာဗျူဟာကျကျ ပေါင်းစပ် ကျင့်သုံးပြီး စစ်အာဏာရှင်ကို ရုပ်ပိုင်းအရ – နာမ်ပိုင်းအရ ထိုးနှက် ချေမှုန်းရမှာဖြစ်ကြောင်း၊ စစ်ရေးဟာ ရုပ်ပိုင်းဖြစ်ပြီး နိုင်ငံရေးဟာ နာမ်ပိုင်းဖြစ်တယ်ဆိုတာ သတိမူမိဖို့ လိုကြောင်းနဲ့ ဒါကို လေးနက်စွာ စဉ်းစားပြီး၊ လူထုအတွက် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်တွေကို မဆိုင်းမတွနဲ့ အလျင်အမြန် လုပ်ဆောင်ရမှာဖြစ်ကြောင်း” သမ္မတက အလေး ပေး ပြောဆို ညွှန်ကြားသည်။

အကြမ်းဖက်စစ်ကောင်စီက အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိ လူငယ်များကို ပြည်သူ့စစ်မှုဥပဒေဖြင့် စစ်မှုထမ်းခိုင်းနေပြီး အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အထိ သက်ကြီးပိုင်း အမျိုးသားများကို ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းခိုင်း၍ စစ်တပ်လက်အောက်တွင် တာဝန်ထမ်း ဆောင်ခိုင်းနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article